Part 16 (Unicode)

Start from the beginning
                                    

ထို့နောက်တွင်တော့ ချာခနဲ နောက်ပြန်လှည့်ကာ အိမ်ကြီးရှိရာ ပြန်လျှောက်လာခဲ့သည်။ အနားယူစံအိမ်ကြီးတစ်ခုလုံး မီးတုတ်၊ မီးတိုင်အလင်းရောင်များဖြင့် ထိန်ထိန်လင်းနေသည်။ ညစာစားပွဲမှ စကားသံ၊ ရယ်သံများ ကြားနေရသည်။ ဒီဒီရာတို့ကို ဧည့်ခံရန် ပြဇာတ်သမားများ၊ လူရွှင်တော်များကို ပုံပေမြို့မှ ဖိတ်ခေါ်ထားသောကြောင့် အတီးအမှုတ်သံများနှင့် ညစာစားပွဲကြီးသည် သာယာနေသည်။ အစေခံများစွာတို့သည် တောက်ပြောင်လှပစွာ ဝတ်စားကာ ညစာစားပွဲခန်းမကြီးနှင့် မီးဖိုဆောင်ကြား ပြေးလွှားအလုပ်များနေကြသည်။

"ဖဲလ်လစ်။ မင်း ဘယ်သွားနေတာလဲ။"

မီးဖိုဆောင်နားတွင် အဘိုးအို အဲလ်ဇီယိုကို တွေ့လိုက်ရသည်။ အဘိုးအိုအတွက် ဒီအိမ်တွင် တာဝန်မရှိ။ အိမ်ကိုကြီးကြပ်သည့် အခြားအိမ်ထိန်းအစေခံတစ်ယောက် ရှိပြီးသားဖြစ်သောကြောင့် သူသည်လည်း ဖဲလ်လစ်လိုပင် လူပိုတစ်ယောက်လို ဖြစ်နေသည်။

"သွား။ အရှင့်အခန်းထဲကို မီးခဲတွေ သွားပို့ဦး။"

"အရှင်က အခန်းထဲမှာလား။"

"အလုပ်ခန်းမှာ။ သခင်လေး ရောမမြို့ကိုပြန်ရင် စိစစ်မှတ်တမ်းတွေပါ ပို့လိုက်ချင်လို့တဲ့။ အလုပ်ကို အသည်းအသန်လုပ်နေတယ်။"

အဘိုးအိုအသံမှာ စိတ်ပျက်သံပေါက်နေသည်။ အနားယူဖို့ဆိုတာကို ခေါင်းထဲလုံးလုံးမထည့်သည့် အရှင်လုလိယက်စ်ကို စိတ်ညစ်နေသည်။ ညစာစားပွဲတွင် ဧည့်သည်များကို ဧည့်ဝတ်ကျေအောင် စကားစမြည်ပြောပြီးသည်နှင့် သူ့အလုပ်ခန်းသို့ ထွက်သွားသည့် လုလိယက်စ်ကို အဘိုးအို မတားနိုင်ခဲ့။ အင်ပါယာရှင်ကို အသိပေးသင့်သည့် ပုံပေမြို့နှင့်ပတ်သက်သမျှ လုပ်ငန်းဆောင်ရွက်ချက်များကို အားရီးယူးစ် ရောမပြန်ချိန်တွင် ထည့်ပေးလိုက်နိုင်ရန် စာတမ်းရှည်ကြီးတစ်စောင်ကို ရေးသားလျက်ရှိသည်။

ယခုနောက်ပိုင်း ပုံပေမြို့နှင့် အနီးတဝိုက်တွင် မကြာခဏ ငလျင်လုှပ်တတ်သည်။ မပြင်းထန်ပေမယ့် အပျက်အစီးကတော့ ရှိသည်။ လွန်ခဲ့သည့် အေဒီ ၆၂ ခုနှစ်က အကြီးအကျယ် ဒဏ်ခံထားရသည့် အဆောက်အဦးများကို ပြန်လည်ပြင်ဆင်ရန် တာဝန်ရှိသည့် လုလိယက်စ်အတွက်တော့ တာဝန်ကြီးလွန်းသည့် ကိစ္စရပ်ဖြစ်နေသည်။ ဧည့်သည်များဖြစ်ပေမယ့် လူရင်းမိတ်ဆွေဖြစ်သော ဒါမီဒယ်သည် လုလိယက်စ်၏ ပျက်ကွက်မှုကို မငြိုငြင်။ ညစာစားပွဲများ၊ ဧည့်ခံပွဲများကို နှစ်သက်လေ့မရှိသည့် လုလိယက်စ်အကြောင်းကို အားလုံးသိထားကြသည်။

ထာ၀ရ ပုံပေWhere stories live. Discover now