Part 15 (Unicode)

Start from the beginning
                                    

"ဒါ့ကြောင့် ဒီအရွယ်အထိ နင် ယောက်ျားမရတာ။"

"နင်ကရော မိန်းမရသေးလို့လား။"

"အောင်မယ်.. ငါက မယူချင်သေးလို့ပါဟာ။ ရွေးစရာတွေ များလွန်းလို့။"

"ငါလည်း မယူချင်သေးလို့မယူတာ။"

"ဘာလဲ။ ငါ့အစ်ကိုကို မရသေးလို့လား။"

"နင်နော်.."

ဒီဒီရာလေးသည် အော်ဟစ်ပြီး ငိုချင်စိတ်ပေါက်နေသည်။ သူမသည် မနက်အစောကြီးထကာ မျက်နှာသစ်ပြီးသည်နှင့် အလှပြင်ခုံတွင် အစေခံကျွန်မများ အလှပြင်ပေးသည်ကို တညောင်းထိုင်ကာ စိတ်ရှည်ခဲ့ရသည်။ ခဲမှုန်နှင့်ပျားရည်ရောထားသော အောက်ခံမိတ်ကပ်လိမ်းရသည်။ အမှုန့်ကြိတ်ထားသည့် ကျောက်မှုန်များကို မျက်နှာလေးဝင်းသွားအောင် ထပ်လိမ်းကာ ပြာနှင့်ဆိုးဆေးရောထားသော အထူးဖော်စပ်ထားသည့် အလှပြင်ပစ္စည်းများနှင့် မျက်လုံးကို အရောင်ခြယ်ခံခဲ့သည်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါ။ လှပြီးသာ မျက်ဝန်းနက်များကို ပိုပြီးထင်းအောင် ပြည်ကြီးငါးမှရရှိသော အမည်းရောင် အရည်၊ ပုရွက်ဆိတ်ကိုကင်ပြီး အမှုန့်ကြိတ်ထားသော အမှုန့်များကို စွံပလွန်သီးခြောက်များ ရောကြိတ်ပေါင်းထားသည့် အနက်မှုန်များဖြင့် ထပ်ခြယ်ဖို့ ညွှန်ကြားခဲ့သေးသည်။ ရှည်လျားသော မျက်တောင်များ ကော့သွားအောင် ပြင်ဆင်ပြီး မျက်ခုံးကိုလည်း မီးသွေးစနှင့် နက်သည်ထက်နက်အောင် ခြယ်ခိုင်းခဲ့သည်။ နှုတ်ခမ်းကို တန်ဖိုးအကြီးဆုံး ပေးဝယ်ရသည့် နီညိုရောင် နှုတ်ခမ်းဆိုးဆေးကို ဆိုးထားကာ နှုတ်ခမ်းထောင့်မှာ မှဲ့တုထည့်ဖို့လည်း မမေ့ခဲ့။

အချိန်ကြာမြင့်စွာ အလှပြင်ကာ တစ်ကိုယ်လုံးမွှေးကြိုင်နေအောင် ရေမွှေးစွတ်ပြီး အဝတ်အစားလှများ ရွေးချယ်ဝတ်ဆင်ခဲ့သည်မှာ သူမအလှကို လုလိယက်စ် သတိထားမိရန်ဟူသော ရည်ရွယ်ချက်တစ်ခုသာ ရှိခဲ့သည်။ ယခုတော့ သူမ မျှော်လင့်ချက်တွေ သဲထဲရေသွန် ဖြစ်ရသည့်အပြင် အားရီးယူးစ်က စနောက်နေသဖြင့် သည်းမခံနိုင်တော့။

နှုတ်ခမ်းတွေစူသွားသည့် ညီမဖြစ်သူကိုကြည့်ရင်း ဒါမီဒယ်သည် မထိန်းနိုင်တော့ဘဲ ရယ်ချလိုက်သည်။ ဒီဒီရာ၏ စူပုပ်ပုပ်အကြည့်သည် ဒါမီဒယ် ရှိရာသို့ ရောက်လာသည်။

ထာ၀ရ ပုံပေWhere stories live. Discover now