"Aki ............"

အခန်းတွင်းသို့ရောက်သောအခါ ထွန်းညှိထားသောမီးတုတ်များ၏အလင်းရောင်ဖြင့် သူသည် Aki မျက်နှာကလေးအားဦးစွာမြင်တွေ့လိုက်ရလေသည်။

"အစ်ကို ............."

Shi ကိုတွေ့လိုက်ရသောအခါ Aki ရင်ထဲတွင် ရှိသော ကြောက်စိတ်တို့သည် စိုးရိမ်စိတ်များအဖြစ်ပြောင်းလဲသွားလေသည်။ သူသည် Shi ဒီနေရာကို ရောက်လာလိမ့်မည်ဟု မြူတစ်မှုန်စာလောက်တောင် မထင်ထားခဲ့ပေ။ နောက်ပြီး ဒီလိုပုံစံနှင့်ရောက်လာခဲ့လိမ့်မည်ဟူ၍လည်း ပိုလို့တောင် မထင်ထားခဲ့ပေ။

"အစ်ကို ဒီကိုဘာလို့ရောက်လာတာလဲ။ ဘာလို့လာတာလဲ။ အစ်ကိုရူးနေပြီလား...။ ရူးနေပြီလား ဟမ်။ "

Aki သည်အော်ဟစ်လိုက်ရင်း သူ့ကိုတုပ်ထားသောကြိုးများကြားမှ လွတ်အောင်ကြိုးစားရုန်းနေလေသည်။ ရုန်းလွန်လွန်း၍ လက်ကောက်ဝတ်များတွင်တောင် သွေးများစို့လာပြီဖြစ်လေသည်။ ထိုအချိန်တွင် လူနှစ်ဦးသည်လည်း Shi ကို တိုင်တစ်လုံးတွင်တွဲကပ်ကာ ကြိုးများနှင့်ချည်နှောင်ပြီးပြီဖြစ်သည်။

"လွှတ် ... သူ့ကိုအခုလွှတ်လိုက်။ သတ်ချင်ရင် ငါ့ကိုသတ်။ ငါ့ရဲ့လက်ငါးချောင်းတင်မကဘူး အကုန်လုံးကို ဖြတ်ချင်ဖြတ်လိုက်။ ငါ့အစ်ကိုကို အခုလွှတ်လိုက်။ "

"ငါပြောနေတာ မကြားဘူးလား ခွေးကောင်တွေ ............ ဟမ် .......။"

သွေးရူးသွေးတန်းဖြင့် သူအော်နေသော်လည်း သူ့စကားကိုဘယ်သူမှ ဂရုမစိုက်ဘဲ လုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေကြသည်။

"Aki..............."

ထွက်ပေါ်လာသော Shi ၏အသံသည်ခပ်တိုးတိုးကလေးဖြစ်၏။ Shi နှင့် အကြည့်ချင်းဆုံလိုက်မိသောအခါ Aki မျက်ဝန်းမှ မျက်ရည်တို့သည် အဆီးအတားမရှိကျဆင်းလာလေတော့သည်။ သူ့ကိုကြည့်နေသည့် Shi မျက်လုံးများကိုကြည်ရင်း Aki သည် အစ်ကိုဖြစ်သူအပေါ် ဆိုးသွမ်းခဲ့သမျှအရာအားလုံးအတွက် နောင်တရမိလေသည်။

ထိုအချိန်တွင် တိတ်ဆိတ်နေသည့် အခန်းအတွင်းလက်ခုပ်သံတစ်ခုကြားလိုက်ရလေသည်။ ထို့နောက် စကားသံတစ်ခုထွက်လာ၏။ မိန်းမတစ်ယောက်၏ စကားသံဖြစ်သည်။

သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+UnicodeWhere stories live. Discover now