"ဘာရည်ရွယ်ချက်မှ မရှိဘူး။ တောင်ပိုင်းက ပူလို့ ...''

လင်းမိုက လီချန်းယုံ၏ အဖြေကို မယုံဘဲ လီချန်းယုံ အရှက်ပြေစေရန် အားပေးသည့် မျက်နှာထားမျိုးဖြစ်သည်။
"သြော်...အဲ့ဒါဆိုချွတ်လေ''

လင်းမိုက ပြောရင်း တစ်ဖက်လှည့်ကာ သူစောနက ဖွင့်ပြီး မပိတ်ခဲ့ရသော တံခါးကိုပိတ်လိုက်သည်။ လင်းမိုပြန်လှည့်လာသောအခါ...
"ဟာ...ချန်းယုံ''

လီချန်းယုံက သူ၏ ဝတ်ရုံကို အမှန်တကယ်ချွတ်ချလိုက်ပြီး သူ့ခန္ဓာကိုယ်တွင် ပါးလွှာသောဝတ်ရုံဖြူလေးသာ ရှိနေတော့သည်။ လီချန်းယုံက သူ့ကိုအံ့သြတကြီးကြည့်နေသော လင်းမိုက အသာရယ်ပြပြီး ပြောသည်။
"ငါတကယ်ပူနေတာပါဆို''

လီချန်းယုံစကားက လိမ်ညာမနေကြောင်း သူ၏ ဝတ်ရုံဖြူလေးတွင် ရေးရေးမျှထင်နေသော ချွေးစက်တို့က သက်သေခံနေသည်။

လင်းမိုသည် သူရက်အတန်ကြာ လွမ်းဆွတ်နေခဲ့ရသော ဝံပုလွေဖြူလေးက သူ၏ရှေ့တွင် ယခုလိုပုံစံနှင့်ရှိနေရာ သူ၏ စိတ်တို့ကို ဆက်လက်မထိန်းချုပ်နိုင်ပေ။ သူက လီချန်းယုံကို တင်းကြပ်နေအောင် ဆွဲဖက်ထားလိုက်သည်။

လီချန်းယုံက အလိုက်သင့်ပင် လင်းမို၏ ရင်ခွင်တွင်းသို့ ဝင်လာကာ လင်းမို၏ ခါးမှပြန်ဖက်ထားသည်။ ပူအိုက်နေသည်ဆိုသော ဝံပုလွေဖြူလေးမှာ ယခုအချိန်တွင် တောင်ပိုင်းဘုရင်ကြီးကို မလွှတ်တမ်းဖက်တွယ်ထားလေသည်။

"ချန်းယုံ...မင်းဆီက ဘာအကြောင်းကြားစာမှ ရောက်မလာလို့ ငါဘယ်လောက် စိတ်ပူနေခဲ့ရလဲသိလား''
လင်းမိုက လီချန်းယုံ၏ နားနားသို့ ကပ်ကာ တိုးတိုးသာသာလေး ပြောလိုက်သည်။ လင်းမို၏ အသက်ရှုသံက လီချန်းယုံ၏ ပါးပြင်ကို ရိုက်ခတ်နေသည်။

လီချန်းယုံက ဖက်ထားသောလက်တို့ကို အသာဖြေလျှော့ပြီး လင်းမိုကိုမော့ကြည့်လိုက်သည်။ သူက နီထွေးထွေးနှုတ်ခမ်းလေးက မသိမသာ စူပုတ်နေသည်။
"မင်းကငါလာတာ မပျော်ဘူးလား... ''

လင်းမိုက အမြဲတမ်း လွဲရာဆွဲတွေးကာ စိတ်ဆိုးတော်မူတတ်သော ဝံပုလွေဖြူလေးကို မညိုညင်ပါ။
"ကိုယ်တော်က မပျော်ဘူးပြောလို့လား...အားယုံလေးကို မြင်ရတာ နှစ်ပတ်လုံးပင်ပန်းသမျှတွေ ပြေသွားသလိုပဲ''

The True Conqueror [Complete]Where stories live. Discover now