"မဟုတ်ဘူး ချာတိတ်ရ။ ပုံပေတစ်မြို့လုံးကို ဖျက်ဆီးခဲ့တဲ့ မီးတောင်ဟာ အခု Somma လို့ခေါ်တဲ့ တောင်ပေါ့။ အရင်တုန်းက အဲ့ဒီ့ Somma မီးတောင်ကို ရောမလူမျိုးတွေက Vesuvius လို့ခေါ်ကြတယ်။ ဒါ့ကြောင့် ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်တာ။"

"ဟုတ်လား။ ဒါဆို အခုမြင်နေရတဲ့ မီးတောင်ကြီးကြောင့် မဟုတ်ဘူးပေါ့။"

"ဒါပေါ့။ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က ပုံပေမြို့က မီးတောင်ကြီးကို လှမ်းကြည့်ရင် အခုမြင်နေရသလို အမြင့်ကြီးမဟုတ်ဘူး။ ခပ်ပြေပြေတောင်တန်းတစ်ခုလိုပဲ မြင်ရတယ်။ မီးတောင်ဝလောက်ပဲ မြေကြီးပေါ် ကပ်ထွက်နေသလိုမျိုးလေ။ မီးတောင်မှန်း ဘယ်သူမှ သိမထားဘူး။ တစ်ချို့ရောမခေတ် ပညာရှင်တစ်ချို့ကတော့ မီးတောင်ဟောင်းတစ်ခုလို့ ယူဆခဲ့ဖူးတာတွေတော့ ရှိခဲ့တယ်။"

"ဒါဆို အခုမြင်နေရတဲ့ ဒီ မီးတောင်ကြီးက အရင်မီးတောင်ဟောင်းကြီးကနေ ဖြစ်လာတာပေါ့။"

ဆွဲကြိုးကြီးနှင့် အဒေါ်ကြီးက ဝင်မေးလိုက်ခြင်းဖြစ်သည်။ ဒီလိုဆိုတော့လည်း ဒီအမျိုးသမီးကြီး ဉာဏ်ကောင်းတာကို သူ ဝန်မခံချင်လို့မရ။

"ဟုတ်တယ်ဗျို့။ အခုမြင်နေရတဲ့ မီးတောင်ကြီးက ပုံပေမြို့ကို ဖျက်ဆီးခဲ့တဲ့ အရင်မီးတောင်ဟောင်းကနေ မွေးဖွားလာတယ်လို့တောင် ပြောလို့ရမယ်။ ဒီပုံစံဖြစ်လာဖို့တော့ ရာစုနှစ်အကြာကြီး လိုခဲ့တာ။ အရင်က Vesuvius မီးတောင်တစ်ဖြစ်လည်း အခုတော့ Somma ဆိုတဲ့ မီးတောင်ကြီးဟာ တောင်ကုန်းမို့တစ်ခုအဖြစ်လောက်ပဲ ကျန်တော့တာဗျ။"

စကားတပြောပြောနှင့် ကျန်ရှိနေသေးသော မြို့ဟောင်းနံရံများအောက်ဘေးမှ လမ်းအတိုင်းလျှောက်လာခဲ့ကြသည်။ နေရောင်သည် တဖြည်းဖြည်းနှင့် နွေးထွေးသည့်ဘက်သို့ အားသာလာနေသည်။ မြို့ဟောင်းနံရံတစ်လျှောက် ပြင်ဆင်ပြုပြင်နေသည့်နေရာများတွင် ငြမ်းစင်များဆင်ထားပြီး လုပ်သားများရှိနေသည်။ ပုံပေမြို့ဟောင်းကို ပြင်ဆင်စောင့်ရှောက်မှုများ၊ ပြုပြင်ထိန်းသိမ်းမှုများကို ကျွမ်းကျင်လုပ်သားများက လုပ်ဆောင်နေကြသည်။

ထာ၀ရ ပုံပေWhere stories live. Discover now