" ရိပ်ထင်! ! မှိုင်းရိပ်ထင် အခု လာစမ်း "

အောက်၌ ရှိသော မေမေ၏ ဒေါသသံကြောင့် ရိပ်ထင်လေးသည် ရောင်စုံခြယ်နေရာမှ မျက်နှာလေးမဲ့ကာ ဆင်းလာသည်။ အောက်ထပ်ရောက်၍ ကြည့်လိုက်တော့ မေမေ့ဘေးမှာ ခေါင်းလေးငုံ့ကာ ရပ်နေသည့် ကလေးကို ကြည့်ပြီး ရိပ်ထင် မျက်နှာလေးပို၍ ဆူပုတ်ထားတော့သည်။

" မင်းကို မေမေ ဘာမှာထားလဲ သူများကို အနိုင်မကျင့်ရဘူးလို့ ပြောထားတာ မင်း မေမေ့ကို ဂရုမစိုက်တာလား ပြောစမ်း "

မေမေ၏ ဒေါသသံကြီးကြောင့် ရိပ်ထင်မှာ တုန်ခနဲဖြစ်သွားသည်။ ထို့နောက် မေမေ့ကို မဝံ့မရဲလေးပြန်ကြည့်ကာ

" သားသားက ဘာလုပ်လို့လဲ မေမေရဲ့ "

"ဘာလုပ်လို့လဲ ဟုတ်လား ကြည့်စမ်း သူ့မျက်နှာကို ကြည့်စမ်း " .

မေမေက ကလေးလေး၏ မျက်နှာကိုဆွဲမော့ကာ ပြတော့ ရိပ်ထင်လေးက ခွီခနဲ ရယ်သည်။ ကလေး၏ မျက်နှာမှာ ရောင်စုံကာလာပန်များဖြင့် ခြစ်ထားပြီး နှာခေါင်းလုံးလုံးလေးကိုဆွဲညှစ်ထားတာမှာ နီရဲနေသည်။

"ရယ်တယ်ပေါ့  ဟမ် မင်းတော့နော် မင်းတော့ ငါရိုက်ရင် နာတော့မယ် "

" ဟုတ်ပါဘူး မေမေရဲ့ သားသားက သူစကားမပြောလို့ ပြောအောင်လို့ လုပ်လိုက်တာပါ သူက သားကျတော့ စကားမပြောဘူး မေမေကိုကျ လာတိုင်တယ်ပေါ့ "

ရိပ်ထင်လေးသည် သူ့အားစကားမပြောဘဲ မေမေကျစကားပြောသည်ဟုထင်ကာ မကျေမချမ်းဖြင့် မေးလိုက်သည်။

" အပိုတွေမပြောနဲ့ သူလာမတိုင်ဘူး မင်းကျပ်ကျပ်သတိထားနော် နောက်တစ်ခါဆို မေမေ မင်းကို တကယ်ရိုက်မှာ သူများကိုအနိုင်မကျင့်ရဘူး အဲ့လို အနိုင်ကျင့်တဲ့သူဟာ လူကောင်းမဟုတ်ဘူး လူယုတ်မာပဲ သားငယ်က လူယုတ်မာမဖြစ်ချင်ဘူးမလား "

" ဟုတ် "

" ဒါဆို နောက်ဆို အနိုင်မကျင့်ရဘူးနော် ဒါနောက်ဆုံးဖြစ်ပါစေ ကြားလား "

" ဟုတ်ကဲ့ မေမေ "

ဒေါ်ဝင့်ဝါထည် ၏ ဆုံးမစကားကို ရိပ်ထင်သည် ခေါင်းလေးငြိမ့်ကာပြန်လည်ဖြေပြီး မေမေ့နားကပ်နေသည့် ကလေးလေးကို လက်သွားဆွဲကာ အပေါ်ထပ်သို့ တပ်ရန်ပြင်သည်။

ခြွေ (ခြွေ) (Completed) Where stories live. Discover now