ep 26

46.4K 3.7K 228
                                    

" မေမေ .......... သား ငွေနည်းနည်း လိုအပ်တယ် ။ မေမေ့မှာ စုထား သိမ်းထားတဲ့ ငွေလေးတွေ ရှိလား "

သားတော်မောင်က အိမ်ကို မလာတော့လည်း လုံးဝပေါ်မလာဘဲ အစပျောက်နေသည် ။ ဟောကြည့် ....... ပေါ်လာတော့လည်း ငွေလိုတဲ့ အချိန်ကျမှ ။ သားက အလုပ်လုပ်နေတယ်ဆိုပေမယ့် သူ့အဖေ သူ့ကို ဘဏ်စာရင်းထဲမှာ ငွေအနည်းငယ်ထည့်ထားပေးတာကို သူမသိထားသည် ။ သားက သူ့လစာနဲ့မလောက်ဘူးဆိုရင်တောင် ထိုငွေတွေက တစ်နှစ်လောက်တော့ ထိုင်စားဖို့က လုံလောက်တယ်လေ ။ ဒါတောင်မှ သားက ဘာအကြောင်းကြောင့် ငွေကို အလောတကြီး လိုအပ်ရတာလဲ ။

" ဘယ်လောက်တောင် လိုအပ်လို့ မေမေ့ဆီက ပြန်တောင်းရတာလဲ "

" ၇၀၀ လောက် .............."

" သိန်း ၇၀၀ ကို ပြောနေတာလား သားငယ် ............"

ဒေါ်လွင်မာ အနည်းငယ်အံသြမိသွားသည်ဟုဆိုလျှင် လွန်မည်မထင် ။ သူမသားက ဘာကြောင့် ဒီလောက်ပိုက်ဆံ အများကြီးကို လိုအပ်မှာလဲ ။

ခိုင်မြဲက မိခင်ဖြစ်သူမျက်နှာကို မ၀ံ့မရဲကြည့်ရင်း ခေါင်းညိတ်လိုက်သည် ။

" ဟုတ်ပါတယ် ......... သား အရမ်းကို အရေးတကြီးလိုအပ်နေလို့ပါ ။ ဘာကြောင့်လဲ သားကို မမေးပါနဲ့ ........... သားရဲ့ ဘ၀နဲ့ သက်ဆိုင်နေလို့ပါ ။ မေမေတို့ သိရင် ပိုပြီး စိတ်ရူပ်ရတာပဲ အဖတ်တင်မှာမလို့ ငွေရရင် သားဟာသား ကြည့်ရှင်းလိုက်မလို့ "

" မဟုတ်သေးဘူးလေ ..... အကြောင်းရင်း သိမှ မေမေက စဉ်းစားပေးလို့ရမှာပေါ့ ။ အခု သားတောင်းနေတာက သိန်း ၇၀၀ နော် ... ၇၀ တောင် မဟုတ်ဘူး ။ ဒီလောက်ငွေအများကြီးကို အကြောင်းပြချက်ခိုင်ခိုင်လုံလုံ မရှိဘဲ ပေးလိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ။ ပြီးတော့ မေမေတို့ အရင်လောက် စီးပွားရေး အဆင်မပြေတော့ဘူး သားငယ် ။ တလောကပဲ မင်းအကို ငွေလိုတယ်ဆိုလို့ မေမေတို့ ထုတ်ပေးလိုက်တာ ။ ခုနောက်ပိုင်း မင်းဖေဖေလည်း အလုပ်မလုပ်နိုင်တော့လို့ ဘဏ်မှာအပ်ထားတဲ့ငွေနဲ့ပဲ ထိုင်စားနေတာ ။ ဒါကြောင့် သား ဘာကြောင့် ဒီလောက်အရေးတကြီး ငွေလိုနေတာလဲဆိုတာ ပြောပြပါ ။ အရေးကြီးမကြီး ပြောပြမှပဲ မေမေ့အနေနဲ့ တစ်ခုခု စဉ်းစားပေးလို့ရတာပေါ့ ။"

If only we breakup .. (Z+U) ( Completed)Where stories live. Discover now