" GM ကို အားနာပေမယ့် ဟိုဖက်နည်းနည်းတိုးပေးလို့ရလား ။ ကျွန်တော် အကို့ကို ပြောစရာရှိလို့ "

" ရပါတယ် ........ အေးဆေးပြောပါ "

နေနော်က ကြည်ကြည်ဖြူဖြူပင် နေရာရွေ့ပေးတော့ ခိုင်မြဲက လူပါးဝစွာပင် ရာပြည့်အနားတိုးကပ်လာပြီး တိုးတိုးလေး ကပ်ပြောလိုက်သည် ။

" ကလေး .......... ပစ္စည်းစာရင်းစစ်နေတာလား ။ မောင် ဘာကူညီပေးရမှာလဲ "

" ကိုယ့်ရဲ့အထက်လူကြီးကို ဘေးဖယ်ခိုင်းပြီး ပြောစရာရှိတယ်ဆိုတာက ဒါလား ။ အလုပ်လုပ်နေတာနော် ....... ကလေး ကစားနေတာမဟုတ်ဘူး ။ ဒီနေရာက အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းပဲ .... လုပ်ငန်းခွင်ပြင်ပတောင်မဟုတ်ဘူး ။ ဘာလို့ ကိုယ့်အထက်လူကြီးကို မလေးမစား ဆက်ဆံရတာလဲ ။ ခိုင်မြဲမှာ ယဉ်ကျေးမှုမရှိတော့ဘူးလား ။ တခြားတစ်ယောက်ယောက်က မြင်ရင် ခိုင်မြဲကို ဘယ်လိုထင်မယ် မတွေးမိဘူးလား ။နေနော် သဘောကောင်းတယ်ဆိုတာ သူ့အပေါ် မလေးမစား ဆက်ဆံဖို့ ခွင့်ပြုထားတာ မဟုတ်ဘူး "

" ကလေး.................."

သူ့ကို အစည်းဝေးခန်းမထဲမှာ ပြောနေကျ လေသံမျိုးနဲ့ ပြောဆိုဆုံးမလာသည့် ကလေးကိုကြည့်ပြီး ခိုင်မြဲ ရင်ထဲ တကယ်နာကျင်သွားသည် ။ ကိုနေနော်နဲ့ယှဉ်လိုက်ရင် သူက ဘာကောင်မှ မဟုတ်ဘူးထင်တယ် ။ သူ ဆိုးသမျှကို အမြဲတမ်း သည်းခံခဲ့တဲ့ ကလေးက ခုနောက်ပိုင်း ကိုနေနော်နဲ့ ပက်သက်ရင် ဆတ်ဆတ်ထိမခံဖြစ်နေတာ ဘာကြောင့်လဲ ။

ကံကောင်းထောက်မစွာနဲ့ အပြင်ဖက်မှာ သူတို့သုံးဦးပဲရှိလို့ပေါ့။

နေနော်ကလည်း ကြားမှာနေပြီး နေရထိုင်ရခက်လာသည် ။ မိမိသည် ငတုံးတစ်ယောက်မဟုတ် ။ ဒီလောက်ထိ သိသာနေတဲ့ ဆက်ဆံရေးကို မသိဘူးဆိုရင် သူ လိမ်ရာကျမှာပေါ့ ။ သူ ရယ်ရယ်ပြုံးပြုံးပင် စကားကို ဖြတ်ပြောလိုက်သည် ။

" ရပါတယ် .... ရာပြည့်ရာ ။ ခိုင်မြဲက တမင်လုပ်တာမှ မဟုတ်တာ ။ ပြီးတော့ သူက မင်းကို တော်တော် ခင်ပုံရတယ် ။ ဒါကြောင့် မင်းတို့အေးဆေး စကားပြောပါ ။ ငါ ရှောင်ထွက်ပေးဖို့လိုသေးလား "

If only we breakup .. (Z+U) ( Completed)Where stories live. Discover now