" ဒီတမနက်လုံး သန့်ရှင်းရေးလုပ်နေတာကြောင့် ကိုယ်မအားလို့ပါ ။ ပြီးတော့ညကတည်းက ဖုန်းကို Silent လုပ်ထားလို့ ဟေသာဖုန်းခေါ်တာကိုမကြားလိုက်မိဘူး ။ ဒါနဲ့ပဲ ဟေသာက ဒီအထိရောက်လာရောလား ။ ဒီမှာ ကိုယ်တစ်ယောက်တည်းနေတာမဟုတ်ဘူးလေ ။ ဒါကြောင့် နောက်ခါမလာပါနဲ့ "

" ကိုကိုကအရမ်းအတ္တကြီးတယ် ။ ကိုယ့်အတွက်ပဲကိုယ်ကြည့်တယ် ။ တစ်ချို့က ကိုကိုပြောင်းလဲသွားပြီဆိုပြီး ပြောကြတယ် ။ တကယ်ပဲ ... ကိုကို ဟေသာ့အပေါ်ကိုလုပ်ရက်တာပဲ "

သူမချက်ချင်းပင် ချုံပွဲချငိုကြွေးလာတော့ ခိုင်မြဲခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည် ။ အမှန်ဆို သူ့အနေဖြင့်ဟေသာကို ဖက်ထားပြီး နှစ်သိမ့်ပေးသင့်ပေမယ့် မတော်လို့ရာပြည့်ပြန်တက်လာရင် ဒီမြင်ကွင်းမျိုးကိုလည်း ရာပြည့်ကိုမမြင်စေချင် ။ ဒီ relationshipကို စိတ်ကုန်စပြုနေပါသော်လည်း သူမဆင်မခြင်ထပ်လုပ်ရင် ဟေသာ့ကိုပိုနစ်နာစေမိဦးမည် ။ ကလေးအပေါ်လုပ်ခဲ့မိသလို နောက်ထပ်သူ့ကိုချစ်တဲ့မိန်းကလေးတစ်ဦးကိုလည်း သူနာကျင်စေမိပြီ ။

" ကိုယ်တောင်းပန်ပါတယ် ။ အခုတော့ အရင်ပြန်လိုက်ပါလား ။ ညနေပိုင်းကိုယ်ဟေသာ့ဆီကိုလာခဲ့ပါ့မယ် "

" ဒီအထိ ရောက်လာခဲ့ပြီးမှ မျက်ရည်စက်လက်နဲ့ မပြန်နိုင်ပါဘူး ။ ဟေသာဘာမှမစားရသေးဘူး ၊ ခေါက်ဆွဲပြုတ်ဖြစ်ဖြစ် ဟေသာ့ကို ပြုတ်ပေးပါ "

" ဟာ ........ ဒါရာပြည့်အိမ်လေ ဟေသာရဲ့ ။ သူ့မီးဖိုချောင်ထဲ ခုလို ... "

" ဒါဆို ဟေသာလုံးဝ မပြန်နိုင်ဘူး ။ ကိုကိုကသူ့ကို တော်တော်လေးကြောက်တာပဲ ။ ခေါက်ဆွဲလေးတစ်ပွဲပြုတ်ဖို့တောင် သူ့မျက်နှာကြည့်နေရတယ် "

ဟေသာက ခနဲ့သည် ။ မဟုတ်ဘူး ဟေသာကခေါင်းမာမာနဲ့ တမင်ဂျီတိုက်နေတာ ။ အရင်က ကလေးဆန်ပြီး ချွဲနွဲ့တတ်တာကို ချစ်ဖို့ကောင်းတယ်လို့ထင်ခဲ့မိပေမယ့် အခုတော့ခိုင်မြဲအမြင်တွေ လုံးလုံးပြောင်းလဲသွားသည် ။ သူ့စိတ်ကဒီလိုပဲပြောင်းလဲလွယ်တာလားမသိပေမယ့် ဘယ်လိုလုပ် သူတို့နှစ်ယောက်ရဲ့မီးဖိုခန်းမှာ တခြားမိန်းမတစ်ယောက်အတွက် ခေါက်ဆွဲပြုတ်ပေးဝံ့မှာလဲ ။ ပြီးတော့ အဲ့ဒီမိန်းမက ဟေသာဖြစ်နေတော့ သူဘယ်စိတ်နဲ့လုပ်ပေးရဲမှာလဲ ။ ဟေသာ ဘာကြောင့်ဒီလောက်ထိ ခေါင်းမာနေမှန်း ခိုင်မြဲမတွေးတတ်တော့။

If only we breakup .. (Z+U) ( Completed)Where stories live. Discover now