"ဖဲလ်လစ်.."

လုလိယက်စ်၏ ခေါ်သံ။ ဖဲလ်လစ်၏ ငု့ံနေသောခေါင်းများသည် တည့်မတ်မလာ။ ခြေဖဝါးကို ပွတ်သပ်ဆေးကြောပေးနေသည့် လက်များမှ လှုပ်ရှားမှုများ ရပ်တန့်သွားရုံသာ။

"မင်း ဒီမှာနေရတာ သဘောကျလား။"

မေးခွန်းအဆုံးမှာ ဖဲလ်လစ် လုလိယက်စ်ကို မော့ကြည့်သည်။ မြင်နေကျဖြစ်သော ခံစားချက်မပါသည့် မျက်လုံးသေများဖြစ်သည်။ လှုပ်ရှားမှုမရှိ။ ခန့်မှန်းလို့မရ။ လုလိယက်စ်၏ စူးစမ်းသလို အကြည့်များအောက်မှာ လုံးလုံးတုန်လှုပ်မှုမရှိ။ အတန်ကြာသည်အထိ ဖဲလ်လစ်ထံမှ အဖြေမကြားရ။ လုလိယက်စ်၏ မျက်ခုံးတစ်ဖက် မသိမသာ မြင့်တက်သွားသည်။

"ဖြေဦးလေ ဖဲလ်လစ်။ မင်း ဒီအိမ်မှာ နေရတာ သဘောကျလား။ ကိုယ် သိချင်တယ်။"

"ဟုတ်ကဲ့.."

စကားအဆုံးမှာ ဖဲလ်လစ် ခေါင်းပြန်ငုံ့သွားသည်။ ရေစိုနေသော လုလိယက်စ်၏ခြေဖဝါးများကို အဝတ်စဖြင့် ခြောက်သွေ့သွားအောင် သုတ်ပေးနေသည်။ ဆံပင်နက်များကို နောက်ဘက်မှာ မသေမသပ် စုစည်းထားပေမယ့် ကောက်ကွေးသော ဆံပင်လိပ်တစ်ချို့သည် မျက်နှာတစ်ခုလုံးကို ဖုံးကွယ်ထားသလို ငိုက်ကျနေသည်။

"ဒါဆို မင်း ဒီအိမ်ကနေ ထွက်မပြေးဘူး မဟုတ်လား.."

အိမ်နေရင်းစီးရသည့် ခြေညှပ်ကောက်ရိုးဖိနပ်ကို လုလိယက်စ်၏ ခြေထောက်နားမှာ ချပေးဖို့ ပြင်နေရာမှ ဖဲလ်လစ် ခေါင်းမော့ကြည့်သည်။ အံ့သြသွားပုံရပြီးမှ လုလိယက်စ်၏အကြည့်ကို ရင်မဆိုင်ရဲသလို ခေါင်းငုံ့လိုက်သည်။ ထို့နောက်မှ ခေါင်းကို ခပ်ဖြည်းဖြည်း ခါယမ်းလိုက်သည်။

"အဘ.. နောက်ဆို တံခါးမကြီးကို ပိတ်မထားနဲ့။"

လုလိယက်စ်သည် ကြမ်းပြင်ထက်မှ အိမ်တွင်းစီး ခြေညှပ်ဖိနပ်ကို စီးပြီး မတ်တတ်ရပ်လိုက်သည်။ အဘိုးအိုမှာ ဟုတ်ကဲ့ဆိုသည့်စကားကို အနိုင်နိုင်ဖြေရသည်။ လုလိယက်စ်နှင့် ဖဲလ်လစ်ကို ယှဉ်တွဲမြင်ရတိုင်း စိတ်ထဲမှာ မသက်မသာ ခံစားရသည်။

လုလိယက်စ်သည် ဖဲလ်လစ်အပေါ် အခြားအစေခံများထက် ပိုပြီး အရေးမပေးသလို နှိမ့်ချခြင်းလည်းမရှိ။ အားလုံးနှင့်တန်းတူ တပြေးညီဆက်ဆံသည်။ ဖဲလ်လစ်သည်လည်း လုလိယက်စ်အပေါ် အပိုအလိုမရှိ တလေးတစား ဆက်ဆံသည်။ ရိုကျိုးနှိမ့်ချခြင်းမရှိသလို စော်ကားမောက်မာခြင်းလည်း မရှိ။ ဒါပေမဲ့ သူတို့နှစ်ယောက်ဆုံတိုင်း အဘိုးအို စိတ်ထဲထင့်နေသည်။ ဘာကိုမှန်းမသိဘဲ တစ်ခုခု ဖြစ်တော့မလားဆိုပြီး စိုးရိမ်နေသည်။

ထာ၀ရ ပုံပေWhere stories live. Discover now