ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

လူငယ်သည် မာကို ပြောနေသည့် စကားများကို ကြားသည့်ဟန်မရှိ။ အလင်းရောင် ဖျော့တော့လာသော ကောင်းကင်ကို မော့ကြည့်ကာ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်သည်။ မှုန်မှိုင်းနေသော မျက်လုံးများသည် တောက်ပမှုမရှိ။ ဂျာကင်အိတ်ထဲ ထိုးထည့်ထားသော လက်ဖ၀ါးနှစ်ဖက်ကို ထုတ်ယူကာ နှုတ်ခမ်းနားတွင် စုတေ့ကာ အာငွေ့ဖြင့် နွေးထွေးအောင် ကြိုးစားနေသည်။

"မင်းသိလား။ ဒီမြို့မှာ သေဆုံးသွားသူတိုင်းကို ရုပ်သွင်းလို့ ရခဲ့တာတော့မဟုတ်ဘူး။ ခေါင်မိုးတွေ၊ အိမ်တွေ ပြိုကျလို့ သေခဲ့သူတွေကိုတော့ အရိုးပဲ ပြန်ရတယ်။ ရုပ်သွင်းလို့ မရဘူး။ မီးတောင်ကနေ တစ်ဟုန်ထိုး ဆင်းလာတဲ့ ပြာပူမှုန်လှိုင်းတွေအုပ်ပြီး သေတဲ့လူတွေကိုတော့ ရုပ်ပြန်သွင်းလို့ရတယ်။"

လူငယ်သည် မာကိုရှိရာသို့ လှည့်ကြည့်သည်။ မသိမသာပြုံးလိုက်ပေမယ့် လွမ်းသလို မျက်လုံးတွေက နားလည်ရခက်စေသည်။

"မင်းက ဘာပြုံးတာလဲ။"

"သြော်.. ကျွန်တော် မနက်က ဖတ်ခဲ့ရတဲ့ စာတမ်းလေးကို သတိရလို့ပါဗျာ။ ပုံပေမြို့ထဲက နံရံစာတမ်းတွေထဲမှာ ပါတယ်တဲ့။ ဘယ်အရာမှ မတည်မြဲနိုင်ပါဘူးဆိုတာ။ Nihil durare potest.. tempore perpetuo.. cum bene sol nituit redditur ocrano.. decrescit phoebe quae modo plena fuit.. ven(to) rum feditas saepe fit aura l(e)vis.."

လူငယ်သည် ကဗျာကို ခပ်တိုးတိုးရေရွတ်ရင်း မှန်ဘောင်ဘေးရှိ သစ်ငုတ်တိုပေါ်တွင် ထိုင်လိုက်သည်။ အချိန်နောက်ကျသည်ထက် နောက်ကျနေပြီ ဖြစ်ပေမယ့် ဘာမှအလောကြီးသည့်ဟန် မရှိ။ မြို့ဟောင်းအတွင်း လည်ပတ်ခွင့် ကုန်ဆုံးတော့မည်ဖြစ်ကြောင်း ကြေငြာသံ ထွက်ပေါ်လာခဲ့သည်မှာ ကြာခဲ့ပြီ။ မကြာခင် မြို့ဟောင်းအ၀င်အထွက် တံခါးများ ပိတ်တော့မည်ဖြစ်သည်။ ဒါပေမဲ့ လူငယ်သည် ဒီနေရာမှာ ထွက်သွားဖို့ စဉ်းစားသေးဟန်မတူ။

"မင်းက ဒီကဗျာကိုလည်း သိတာပဲလား။ ပုံပေမြို့က နံရံစာတမ်းတွေထဲက တစ်ခုပဲကွ။"

"ဒီကဗျာ မှန်ပါဦးမလား အဘရာ။ ကျွန်တော့်အတွက်တော့ ဒီမြို့ကြီးကို ထာဝရပုံပေ လို့တောင် ခေါ်နိုင်မယ်ထင်တာပဲ။"

ထာ၀ရ ပုံပေWhere stories live. Discover now