"ကျွန်တော် အရှင့်ဆီ ပြန်လာတာ။"

သူ့နှလုံးသားတည့်တည့်သို့ ဓါးထက်ထက်ဖြင့် ထိုးချလိုက်လျှင်ပင် ယခုကြားလိုက်ရသော စကားလို နာကျင်စေမှာမဟုတ်။ ကျိန်းစပ်ပူလောင်နေသော မျက်လုံးများကို မဖွင့်ချင်တော့။ အိပ်မက်တစ်ခုသာ ဖြစ်စေချင်သည်။ နောက်တစ်ကြိမ် သူ မျက်လုံးပြန်ဖွင့်ချိန်တွင် သူ့ဘေးမှာ ဒီကောင်လေးကို မတွေ့ပါရစေနှင့်ဟု ဆန္ဒပြုမိသည်အထိ။

အရှင့်ဆီ ပြန်လာတာတဲ့..

စကားတစ်ခွန်းနှင့်ပင် အသတ်ခံလိုက်ရသလို ခံစားရစေနိုင်သည့် စကားလုံးဖြစ်သည်။

သူ့ကို လွတ်မြောက်စေချင်ခဲ့တာလေ။

ဒီကောင်လေးကို ပုံပေမြို့နဲ့ အဝေးဆုံးတစ်နေရာမှာ သူ ရှိနေစေချင်ခဲ့တာ မဟုတ်လား။

သူ လွတ်မြောက်ရှင်သန်စေချင်သည့် သူတစ်ယောက်က ငရဲတွင်းရှိရာသို့ ပြန်လည်ရောက်ရှိနေခဲ့ခြင်းမှာ မိမိကိုယ်တိုင်ကြောင့်တဲ့လား။ ခွန်အားတစ်စက်မှ မရှိတော့ဘူးထင်နေခဲ့ပေမယ့် ဒေါသများနှင့် လုလိယက်စ် ပူလောင်လာသည်။

အသက်ရှူသံပြင်းသထက်ပြင်းလာသည်။

ဟင့်အင်း..

သူ လက်မခံချင်။ ဖဲလ်လစ်ကို စိတ်ဆိုးသည်။ မိမိကိုယ်ကို ဒေါသထွက်သည်။ သူ့ဘ၀မှာ တစ်ခါမှ ဒီလောက်စိတ်လွတ်ကိုယ်လွတ် ဒေါသမဖြစ်ခဲ့ဖူးပါ။

"သွား.. အခုထွက်သွား.."

နောက်ဆုံးခွန်အားများကို စုစည်းကာ အသံများပြာသည်အထိ လုလိယက်စ် အော်လိုက်သည်။ သူ့ခြေထောက်တစ်ဖက်သည် လုံးလုံး လှုပ်ရှားမရ။ အောင့်တက်ကိုက်ခဲနေပေမယ့် ထုံနေသောကြောင့် ဘာတွေဖြစ်နေလဲဆိုတာပင် ဂရုမစိုက်နိုင်။ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သော ထိုခြေထောက်တစ်ဖက်သည် ယခုအခါမှာတော့ ဘာမှအသုံးမ၀င်တော့သည့် မွမွကြေနေသော အရိုးများနှင့်သာ ကျန်ရှိတော့ဟန်တူသည်။

"ကျွန်တော် ဘယ်မှမသွားဘူး။"

"မင်းကို ငါ အမိန့်ပေးနေတာ။"

"ကျွန်တော့်ကို အရှင် ပိုင်လို့လား။"

လုလိယက်စ် မောပန်းစွာ ခေါင်းကိုမော့ရင်း အသက်ရှူနေရသည်။ နဖူးကြောတွေထောင်နေသည်အထိ ကြိတ်မှိတ်မြိုသိပ်ထားရသည့် ဒေါသနှင့်နာကျင်မှုကို ဖဲလ်လစ် နားမလည်။

ထာ၀ရ ပုံပေWhere stories live. Discover now