"ဦးဦး..လာကြည့်.."

"ဘာဖြစ်လို့လဲ ကလေး"

"တိမ်တွေ မြေကြီးထဲက ထွက်နေတယ်။"

"ဘာ.."

"တိမ်တွေလေ။ မြေကြီးထဲက ထွက်နေတယ်။"

ကလေးငယ်သည် နွားတင်းကုပ် အပြင်ဘက်သို့ လက်ညှိုးညွှန်ရင်း ဖြေသည်။ နွားတင်းကုပ်ဆိုသော်လည်း အဆောက်အဦးမှာ အုတ်နှင့်ဖြစ်သည်။ တံခါးများက တပ်ထားသည်ဟု ဟန်ဆောင်ပြောလျှင် ရသလို ယိုင်နဲ့နေသည်။

"လာကြည့် ဦးဦး။"

လေးနှစ်သားအရွယ် သူငယ်လေးမှာ နှပ်ချေးတစ်ချက်ရှုပ်လိုက်ပြီးနောက် ဖဲလ်လစ်နားမှ ပြေးထွက်သွားသည်။ ဖဲလ်လစ်နေရာမှထကာ မတည်မငြိမ် ပတပ်ရပ်ချင်နေသည့် မြင်းကြီး၏ ၀မ်းဗိုက်ကို ပွတ်သပ်ရင်း နှစ်သိမ့်စကားဆိုဖြစ်သည်။ မြင်းနက်ကြီးသည် တစ်စုံတစ်ရာကို ကြောက်လန့်နေသလို တည်ငြိမ်မှုမရှိ။ တင်းကုပ်ထဲမှ ကြက်မကြီးသည်လည်း အန္တရာယ်အငွေ့အသက်ကို ရသည့်အလား အမွှေးတွေဖောင်းပွကာ မိမိ၏သားသမီးကြက်ပေါက်စငယ်များကို တောင်ပံအောက် သွင်းထားသည်။

တင်းကုပ်အပြင်ဘက်တွင် ယာခင်းအိမ်ပိုင်ရှင်မိသားစုဝင်အားလုံးကို တွေ့လိုက်ရသည်။ မိခင်ဖြစ်သူသည် ၀တ်ရုံစကို ခေါင်းခြုံပြီး တစ်နှစ်သားအရွယ်ကလေးငယ်ကို ခါးထစ်ခွင် ချီပိုးထားသည်။ ကြံ့ခိုင်သန်မာသည့် ကြွက်သားအပြည့်နှင့် ယာသမားကြီးကတော့ ဖဲလ်လစ်ကို လာနှိုးခဲ့သည့် ကလေးငယ်၏ လက်ကိုဆွဲထားသည်။

သူတို့အားလုံး စူးစိုက်ကြည့်နေရာကို ဖဲလ်လစ် လှမ်းအကြည့်မှာတော့ နှုတ်ခမ်းနှစ်ခု ခပ်ဟဟ ပွင့်အာသွားသည်။

"ဖြစ်တာမကြာသေးဘူး ကောင်လေးရ။ ၀ုန်းခနဲ အသံကြားမိတာပဲ။ နောက်တော့ အခု မင်းမြင်တဲ့အတိုင်းပဲ။"

ယာခင်းသမားကြီး၏ စကားသံသည် ခပ်အေးအေးဖြစ်သည်။ စိုးရိမ်ပူပန်မှုမရှိ။ အထူးအဆန်း အခြင်းအရာတစ်ခုကို မြင်တွေ့ရသလို စိတ်ဝင်စားရုံမှလွဲလျှင် ကြောက်ရွံ့ဟန်မရှိ။ ထိုအခြင်းအရာ ဖြစ်ပေါ်နေသော နေရာသည် သူတို့နေရာနှင့် ဝေးကွာလွန်းသည်။ နောက်ပြီး သူတို့အားလုံးမြင်နေရသည်က မှိုပွင့်ပုံစံ မီးခိုးခေါင်းတိုင်ကြီးနှင့် မီးခိုးတိမ်များသည် ဝေးကွာလွန်းသော အနေအထားကြောင့် ထင်ရှားမှုမရှိ။

ထာ၀ရ ပုံပေWhere stories live. Discover now