ဘာ့ကြောင့် သူ ၀မ်းသာနေခဲ့တာလဲ။

ဘာ့ကြောင့် သူ ပျော်ရွှင်နေခဲ့တာလဲ။

ယခုအချိန်မှ ဖဲလ်လစ်သည် အတိတ်က ဖဲလ်လစ်ကို နားမလည်နိုင်။

ထိုအချိန် ထိုနေ့က သူ ပြုံးနေခဲ့သည်။ ခံစားချက်ကို နှုတ်မှထုတ်ဖော်ပြောလေ့မရှိသော သူ့မျက်နှာသည် တစ်နေ့လုံး အပျော်လှိုင်းများနှင့် လှုပ်ခတ်နေသည်။ အမြဲတမ်း စကားနည်းသော သူ့စကားလုံးတွေက အဆက်မပြတ် လောင်းထည့်ခြင်းခံနေရသော ရေကရားအပြည့်မှ လွင့်အံကျလာသည့် ရေစက်များလို ဖြစ်နေခဲ့သည်။ လှိုက်လှဲခံစားနေရမှုများသည် မျက်နှာမှာ ထိန်းမရအောင် ပေါ်လွင်နေသည်။

အမည်ကသာ ပျော်ရွှင်ခြင်းဟု အဓိပ္ပါယ်ရသော်လည်း သူ့ဘ၀မှာ တစ်ခါမှ ဒီလောက် မပျော်ခဲ့ရဖူး။

အိပ်မက်များလားဟု မတွေးမိ။ သူဆိုသည်က အိပ်မက်ထဲမှာတောင် ဘယ်တုန်းကမှ မပျော်ရွှင်ခဲ့ရဖူးသူ။

ယခုတော့...

သူ ချစ်ရသောအရှင်နှင့် အစဉ်အမြဲ အတူနေခွင့်ရတော့မည်။

မထင်မှတ်ထားသည့် သတင်းကောင်းသည် ဖဲလ်လစ်အတွက်တော့ နတ်ဘုရားများက ဖန်ဆင်းပေးသည့် ဆုလာဘ်တစ်ခုလိုပင်။ ထိုနတ်ဘုရားမလေးသည် သူ့အပေါ်တွင် အစ်မတစ်ယောက်လို ချစ်ခင်ကြင်နာခဲ့သည့် အန်နီရာဆိုသည့် မိန်းမပျိုလေးဖြစ်သည်။

သခင်မလေး အန်နီရာ...

အန်နီရာသည် သူတို့ကိုစွန့်ခွာသွားခဲ့ပြီဖြစ်ပေမယ့် ဖဲလ်လစ်အတွက် စဉ်းစားပေးခဲ့သည်။ ကြိုးစားပေးခဲ့သည်။ သူမ ကတိပေးပြောခဲ့သလို ဖဲလ်လစ် ပျော်ရွှင်ခွင့်ရအောင် ဖန်တီးပေးခဲ့သည်။ အရှင်တိတိုထံမှ ခွင့်ပြုအမိန့်ကို လက်ခံရခဲ့စဉ်က ဖဲလ်လစ်သည် အံ့သြရလွန်းသဖြင့် လုံးဝမယုံကြည်နိုင်ခဲ့။

သူသည် ယနေ့ယခုအချိန်မှစပြီး အရှင်တိတို၏ အစေခံမဟုတ်တော့။

သူ ချစ်ရသောအရှင်၏ အစေခံအဖြစ် အရှင့်နားတွင် အမြဲနေခွင့်ရတော့မည်။

ဥယျာဉ်ထဲရှိ ထိုင်ခုံရှည်များထက် ခေါင်းအုံးများ၊ မွေ့ရာများပေါ်တွင် အရှင် လှဲလျောင်းနေသည်။ အရှင့်ရှေ့မှောက်တွင်တော့ အကသမားများ၊ ဖျော်ဖြေရေးသမားများသည် အတီးအမှုတ်များဖြင့် ဖျော်ဖြေနေကြသည်။ ချောမောလှပလွန်းသော အပျိုတော်မယ်လေးများက အရှင့်ကို စပျစ်ရည်ငှဲ့ပေးနေကြသည်။ အရှင်နှင့်သူ မတွေ့ဖြစ်သည်မှာ ကြာခဲ့ပြီဖြစ်သည်။ လေးနှစ်လား၊ ငါးနှစ်လား။ ဒီ့ထက်လည်း ပိုကြာနိုင်ပါသည်။

ထာ၀ရ ပုံပေWhere stories live. Discover now