"ဘာတွေဖြစ်နေတာလဲ နဲရို့စ်"

"မင်းကိုယ်တိုင်ပဲ သွားကြည့် ဖဲလ်လစ်"

နဲရို့စ်သည် ဟန်ကိုဖို့ထားပေမယ့် စိုးရိမ်ကြောက်လန့်နေမှန်း သိသာလွန်းသည်။ လက်ထဲမှ ခြင်းတောင်းကိုပစ်ချကာ မလှမ်းမကမ်းမှ တောင်စောင်းနေရာသို့ ဖဲလ်လစ်လျှောက်လာခဲ့သည်။ တောင်ပို့တစ်ခု ကွယ်နေသောကြောင့် ချက်ချင်းမမြင်ရ။ ထိပ်နားအရောက် ဝေါခနဲ တိုက်ခတ်လာသော ပင်လယ်ပြင်မှ လေပြင်းကြောင့် ချည်ထည်ကြမ်းအနားစသည် တဖျတ်ဖျတ်လွင့်ခါသွားသည်။

လှမ်းမြင်လိုက်ရသော မြင်ကွင်းသည် ယုံနိုင်စရာပင်မရှိ။ မနေ့တစ်နေ့လေးကပင် စိမ်းစိုနေခဲ့သော စပျစ်ခင်းကြီးသည် မီးမြှိုက်ခံလိုက်ရသလို ခြောက်ကပ်နေသည်။ တစ်ချို့နေရာများတွင် မြေပြင်သည် မီးရှို့ခံထားရသလို မည်းနက်နေသည်။ ထိုစပျစ်ခင်းများကြားတွင်တော့ ပိန်လှီစုတ်ပြတ်နေသော အစေခံများ တရွေ့ရွေ့သွားနေသည်။ အကောင်းကျန်သေးသည့် စပျစ်သီးတစ်ချို့ကို ရလိုရငြား ကြိုးစားနေကြဟန်တူသည်။ ကျွန်ထိန်းများ၏ ရက်ရက်စက်စက် ရိုက်နှက်မှုများ၊ ဆဲဆိုသံများကို ကြားနေရသည်။ ကလေး၊ လူကြီးမကျန် မျှော်လင့်ချက်တစ်စုံတစ်ရာ မရှိတော့သော မျက်နှာသေများနှင့် ကြိမ်ဒဏ်များကြားမှာ ပုရွက်ဆိတ်ငယ်များသဖွယ် လှုပ်ရှားနေခြင်းဖြစ်သည်။ ခြေထောက်မှ ခြေကျင်းများ၊ သံကြိုးများမှာလည်း မြင်ရက်စရာမရှိ။

သူတို့ယာခင်းအနေအထားနှင့်တော့ တခြားစီဖြစ်သည်။ တေးသီချင်းများ သီဆိုကာ တက်ကြွစွာ လုပ်ငန်းခွင်ဝင်နေကြသော လုပ်ဖော်ကိုင်ဖက် အစေခံများရှိရာသို့ ဖဲလ်လစ် လှမ်းကြည့်မိသွားသည်။ စပျစ်ခြံခြင်းအတူတူ၊ လုပ်ငန်းခြင်းအတူတူ ဖြစ်ပေမယ့် ပိုင်ရှင်မတူတာနှင့် ကွာခြားလွန်းသော အနေအထား။

ပိုင်ရှင်..

ဒီစကားလုံးနှစ်လုံးကို သူ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သည်။ မွေးဖွာလာစဉ်ကတည်းက သူ့မှာ ပိုင်ရှင်ရှိခဲ့သည်။ ဖခင်ဟု တစ်ခါတစ်ရံ တစ်ယောက်တည်း ခေါ်ဆိုဖို့ ကြိုးစားခဲ့ဖူးပေမယ့် ဒီ့အတွက်ပင် အပြစ်ရှိသလို မလုံမလဲ ခံစားခဲ့ရသည်။

ထာ၀ရ ပုံပေDonde viven las historias. Descúbrelo ahora