ထိုကန်ကြီးထဲတွင် တုတ်များနှင့်ထောက်ရင်း စပျစ်သီးများကို နင်းချေနေကြသော အခြားကျွန်များရှိသည်။ သူတို့အားလုံးသည် စပျစ်ရည်များနှင့် စေးကပ်ပေကျံနေကြသည်။ လက်ထဲမှတုတ်ရှည်ကို အားပြုရပ်ရင်း စပျစ်သီးများကို ခြေဗလာနှင့် နင်းနေကြခြင်းဖြစ်သည်။ နကျယ်ကောင်များ၊ ပျားပိတုန်းများသည် စပျစ်ရည်စိုနေသော အစေခံများနားမှာ တ၀ီဝီ ပျံဝဲနေကြသည်။ ကျွန်များသည် မိမိတို့ရပ်ရွာဒေသမှ သီချင်းများကို သံပြိုင်သီဆိုရင်း ပင်ပန်းမှုဒဏ်ကို အံတုနေကြသည်။

ကန်ကြီး၏ အချို့နေရာများတွင် ခြေင်္သေ့ခေါင်းပုံ အပေါက်ငယ်များရှိပြီး စပျစ်ရည်များ စီးကျနေသည်။ ၎င်းတို့အောက်ခြေတွင် အခြားကန်ငယ်များရှိသည်။ ရေစစ်ဇကာလို ခံထားသောကြောင့် အခွံ၊ ရိုးတံနှင့် ပိုးမွှားကောင်သေများ တင်ကျန်ရစ်သည်။ ထိုကန်ငယ်ထဲတွင် စပျစ်ရည်များ ပြည့်လာလျှင်တော့ အခြားကျွန်များသည် မြေအိုးများထဲသို့ သဲ့ခပ်ပြီး အခြားသိုလှောင်ရာနေရာသို့ သယ်ယူသွားကြမည်ပဲဖြစ်သည်။

ခြံကျယ်ကြီး၏ နေရာတစ်ခုတွင် စပျစ်ရည် လီတာ ၁၅၀၀ မှ ၂၀၀၀ ခန့်အထိဆံ့သည့် မြေအိုးကြီးများကို မြေကြီးထဲတွင် လည်ပင်းပေါ်ရုံ မြှုပ်ထည့်ထားသည်။ အမြင့်ပေသုံးပေကျော်မြင့်သည့် ထိုအိုးကြီးများထဲသို့ စပျစ်ရည်လောင်းထည့်ကာ ဆယ်ရက်ခန့်ထားလျှင် စပျစ်ရည်များ တဖြည်းဖြည်း ဆူပွက်လာလိမ့်မည်။ ဆယ်ရက် အကြာတွင်တော့ မြေအိုးကြီးများကို အဖုံးပိတ်ကာ အချိန်တစ်နှစ်ခန့် သို့မဟုတ် နှစ်အတော်များများ ပိတ်လှောင်သိမ်းဆည်းပြီးမှ ဈေးကွက်သို့ ပြန်လည်ရောင်းချကြလိမ့်မည်။ ပုံပေမြို့ပတ်ဝန်းကျင်မှ စပျစ်ရည်သည် ရောမလူမျိုးများကြားတွင် ရေပန်းစားကာ နာမည်ကျော်ကြားသည်။ နှစ်စဉ်နှစ်တိုင်း စပျစ်ရည်ရောင်းဝယ်သည့် လုပ်ငန်းများမှ ရရှိသည့် ၀င်ငွေသည် မနည်းလှ။

ကန်ကြီးနားသို့ ရောက်လာပြီဖြစ်သောကြောင့် ဖဲလ်လစ်သည် ခေါင်းမှ ကြိမ်ခြင်းတောင်းကြီးကို ချွတ်ကာ အထဲမှစပျစ်သီးအားလုံးကို ကန်ထဲလောင်းထည့်လိုက်သည်။ သူနှင့်မလှမ်းမကမ်းတွင် ကြိမ်ခြင်းအလွတ်များကို ဘေးချထားသော လူစုစုကို တွေ့လိုက်ရသည်။ အားလုံးအစေခံများဖြစ်သည်။ တစ်စုံတစ်ရာကို တီးတိုးပြောဆိုရင်း စိုးရိမ်နေဟန် မျက်လုံးများပြူးနေကြသည်။ အခြားသူများနှင့် ခပ်ဝေးဝေးသာနေတတ်သော သူ့အကျင့်ကြောင့် ဘာဖြစ်နေတာလဲဟု ဖဲလ်လစ်မမေးဖြစ်။ ခြင်းတောင်းအလွတ်ကို လက်မှဆွဲပြီး အပြင်ထွက်ရန် ခြေလှမ်းပြင်လိုက်သည်။

ထာ၀ရ ပုံပေWhere stories live. Discover now