"မင်း ဘယ်တွေသွားနေတာလဲ။"

ဖဲလ်လစ်၏ ခြေထောက်တွင် ကျောက်ရှရာတွေထင်ကာ ဖုန်အလိမ်းလိမ်းဖြစ်နေသည်။ စိုးရိမ်မှုကြောင့် လုလိယက်စ်၏ လေသံမာသွားသည်။ ဒါပေမဲ့ ဖဲလ်လစ် သတိထားမိဟန်မတူ။ လုလိယက်စ်ရှိရာသို့ လှည့်ကြည့်ပြီး ပြုံးပြသည်။ ထိုအပြုံးကြောင့် သူ့ရှေ့မှကောင်လေးသည် ဖဲလ်လစ်မှ ဟုတ်ရဲ့လားဟုပင် အတွေးဝင်ရသည်။ စိတ်လိုလက်ရ ပြုံးလိုက်သော အပြုံးသည် ချစ်စရာကောင်းလွန်းနေသည်။

"အဘတို့နဲ့တွေ့မလားလို့ လိုက်ရှာကြည့်တာပါဗျာ။ ကျွန်တော် အဝေးကြီးမသွားပါဘူး။"

စကားသံသည် တရင်းတနှီးဖြစ်သည်။ လုလိယက်စ်ကိုဆိုလျှင် အမြဲတမ်း ရိုးတိုးရှိန်းတိန်းနှင့် ခပ်ဟန့်ဟန့် ဆက်ဆံတတ်သည့် ဖဲလ်လစ်၏ အရိပ်အငွေ့တို့ မရှိ။

"စားလိုက်ဦး အရှင်။ ဆာနေပြီမဟုတ်လား။"

ယုန်ကင်ကို သူ့လက်ထဲကမ်းပေးရင်း ပြောနေသည့်ပုံစံလေးသည်လည်း လူမမာကို ပြုစုနေသည့် မိခင်တစ်ယောက်ပုံစံရယ်ပါ။ ခံစားချက်ကင်းသော မျက်လုံးများနှင့်မဟုတ်။ ယုန်ကင်မှ ပေါင်တစ်ချောင်းကို ဆွဲဖြုတ်ကာ ဖဲလ်လစ်ကို ပြန်ကမ်းပေးလိုက်သည်။ သူ့အတွက် ကျန်တစ်ချောင်းကို ဖြုတ်ယူပြီး ကျန်အစိတ်အပိုင်းကို မီးခဲနား ပြန်ထောင်ထားလိုက်သည်။ ထင်းနံ့စွဲကာ ဆားမပါသောကြောင့် ခါးသက်သက် ဖြစ်နေသလို ထင်ရပေမယ့် အရသာရှိသည်။

"အရှင် အရမ်း နာနေသေးလား။"

"အင်း..နာနေသေးတယ်။"

"ဗျာ..ဟုတ်လား.."

ဖဲလ်လစ် စိတ်ပူသွားဟန်ရှိသည်။ လုလိယက်စ်နားသို့တိုးလာပြီး ဒဏ်ရာရှိရာ ငုံ့ကြည့်သည်။ "ခွင့်ပြုပါ" ဟု ခပ်တိုးတိုးပြောရင်း နဖူးပေါ်သို့ လက်ဖ၀ါးတင်လိုက်သည်။ အဖျားသွေးမကျသေးပေမယ့် လမ်းလျှောက်မည်ဆိုလျှင် ကြိုးစားကာ လမ်းလျှောက်လို့ရသည်။

ဒါပေမဲ့ လုလိယက်စ် ဒီနေရာက မခွာချင်သေး။ အံ့သြဖို့တော့ကောင်းသည်။ ခမ်းနားမှုများနှင့် ၀န်းရံနေခဲ့ပေမယ့်၊ အခြံအရံများနှင့် ပြည့်စုံနေခဲ့ပေမယ့် သူ့ဘ၀သည် စည်းမျဉ်းဘောင်များအတွင်း နေထိုင်လှုပ်ရှားနေရသူ တစ်ယောက်လို ဖြစ်ခဲ့သည်။ တာဝန်တွေ၊ ၀တ္တရားတွေ၊ စောင့်ထိန်းစရာတွေ၊ ငဲ့ညှာစရာတွေ ဒါတွေသည် နွယ်ပင်များလို သူ့ကို ရစ်ပတ်ထားခဲ့သည်။

ထာ၀ရ ပုံပေWhere stories live. Discover now