"ဒါပေမဲ့ တို့တွေးနေမိတာ တခြားတစ်ယောက်ဖြစ်နေတယ် ဖဲလ်လစ်ရာ။"

သူမရဲ့စကားအဆုံးမှာ အထိန်းတော်ကြီးထံမှ ရှိုက်သံတစ်ချို့ထွက်ပေါ်လာသည်။ ဖဲလ်လစ် မျက်ရည်မကျပါ။ ခံရခက်အောင် ၀မ်းနည်းပေမယ့် ခုတင်ထက်မှ သူမကို စူးစိုက်ကြည့်နေရုံသာ။ အစေခံများအပေါ် ချစ်ခင်သနားတတ်ကာ ကူညီဖေးမပေးဖို့ ၀န်မလေးသည့် သူမကို အခုတော့ ဘယ်သူမှ မကူညီပေးနိုင်တော့။ ခပ်ဖောင်းဖောင်းဖြစ်နေသော ၀မ်းဗိုက်ငယ်ထက်မှာ သူမ၏လက်ကို သာသာလေးအုပ်တင်ထားသည်။

သူမ၏ ၀မ်းဗိုက်ထဲတွင် ဖဲလ်လစ်ကို ပိုင်ဆိုင်သည့် အရှင်သခင်၏ ရင်သွေးငယ်ရှိသည်။ ထိုရင်သွေးငယ်သည် လှုပ်ရှားမှုမရှိ။ သေဆုံးနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဆိုတာကိုဆေးပညာနှင့်မစိမ်းသော သူ နားလည်သည်။ အသက်မရှိတော့သော ထိုရင်သွေးငယ်သည် သူနှင့်အတူ မိခင်ဖြစ်သူကိုပါ လောကကြီးထဲမှ ခေါ်ဆောင်သွားလိမ့်မည်ဖြစ်သည်။

သူမကို ဖဲလ်လစ် မသေစေချင်။ သူမကို စတွေ့ခဲ့စဉ်က မနာလိုမှုများ၊ မုန်းတီးမှုများနှင့် လက်မခံချင်ခဲ့။ သို့ပေမယ့် အတူနေခဲ့ကြသော နှစ်များအတွင်း ဖဲလ်လစ်အတွက် ချစ်ခင်ကြင်နာတတ်သော အစ်မတစ်ယောက်လို ဖြစ်လာခဲ့သည်။ အန်နီရာဆိုသော သူမသည် ချမ်းသာကြွယ်ဝမှုများ၊ ပြည့်စုံကုံလုံမှုများနှင့် ခြံရံထားပေမယ့် အထီးကျန်ဆန်နေခဲ့သူလေး ဖြစ်သည်။ ဘ၀တူအစေခံများ၏ ဖယ်ရှောင်မှုနှင့် အထက်တန်းလွှာများ၏ ရွံရှာမှုများကြားမှာ တစ်ယောက်တည်း သီးသန့်နေတတ်သော ဖဲလ်လစ်ကို စာနာနားလည်ပေးခဲ့သည်။ ချစ်ခင်ပေးခဲ့သည်။သူမသည် သူ့အတွက် အရှင်သခင်၏ဇနီးမယား ဖြစ်သောကြောင့် သခင်မတစ်ယောက် ဖြစ်ခဲ့သော်လည်း ငယ်ပေါင်းကြီးဖော် မောင်နှမ နှစ်ယောက်လို သံယောဇဉ်ဖြစ်ခဲ့ကြသည်။

"မင်းကို စိတ်ချမ်းသာစေချင်တယ် ဖဲလ်လစ်။ မင်းအတွက် တို့ အားလုံးစီစဉ်ပေးခဲ့မယ်။ မင်း ပျော်ရမှာပါ။"

စကားအဆုံးမှာ သူမ မျက်နှာလေး နာကျင်မှုကြောင့် မဲ့သွားသည်။ စကားမပြောနိုင်တော့ဘဲ နားထင်ကြောတွေထင်းလာအောင် နာကျင်မှုကို ကြိတ်မှိတ်ခံစားနေသည်။ လှိုက်ဖိုနေသော ရင်ဘတ်သည် လှိုင်းထန်သော ပင်လယ်ပြင်တစ်ခုလို။ အထိန်းတော်ကြီး၏ စိုးရိမ်တကြီး မေးမြန်းနေမှုကို ဖဲလ်လစ် ကြားတစ်ချက်၊ မကြားတစ်ချက်ဖြစ်နေသည်။

ထာ၀ရ ပုံပေWhere stories live. Discover now