-Zawgyi-
မုန်တိုင်းကာလဖြစ်သည့်အလျောက် နေ့တိုင်းနီးပါးရွာသွန်းနေသောမိုးသည် ဒီနေ့အတွက်လည်း ရွာသွန်းလျက်ရှိသည်။ မသည်းသော်လည်း ခပ်စဲစဲလည်းမဟုတ်ပေ။ ကားကို သတိထားမောင်းနေရာမှ သူ့ကိုလှမ်းကြည့်မိသည်။ ရုပ်ရှင်ရုံမှထွက်လာကတည်းက စကားတစ်ခွန်းမဆိုသေးတဲ့ ဂျင်က အခုလည်း အပြင်ဖက်ကို တွေတွေလေးငေးနေပြန်သည်။
" မင်းအဆင်ပြေရဲ့လား "
ကျတော်မေးတော့ တစ်ချက်လှည့်ကြည့်လာကာ ပြုံး၍ခေါင်းငြိမ့်သည်။ အပြုံးကမပီပြင်။ သက်ပြင်းကို လေးပင်စွာချမိရင်း တစ်ဖက်လှည့်သွားတဲ့သူကို အရိပ်တကြည့်ကြည့်ဆိုသလို လှည့်ကြည့်လှည့်ကြည့် လုပ်မိသည်။ အရည်ကြည်လဲ့တဲ့ သူ့မျက်ဝန်းအိမ်က ရင်ကိုအတိုင်းအဆမရှိပူပန်စေသည်မို့။
အချစ်ကို ကျတော်ပုံမဖော်တတ်ပါ။ ဒါပေမဲ့ သူနာကျင်တိုင်း နာကျင်ခြင်းကို ကျတော်ခံစားရတယ်။ ဘယ်ဖက်ရင်အုံက စူးနင့်စွာနဲ့ပေါ့။
အိမ်ပြန်အရောက်မှာ ကားပေါ်ကဆင်းသွားတဲ့သူက ကျတော့်ကိုပင်မစောင့်။ ခြံတံခါးကိုသော့ခတ်ပြီးမှ အိမ်ထဲဝင်ခဲ့တော့ ရေချိုးခန်းမှထွက်လာတဲ့သူနဲ့ဆုံသည်။ မျက်နှာသစ်ထားသည်မို့ ရေစက်များက မျက်နှာပြင်မှာတွဲခိုနေတုန်းရှိသေးသည်။ နီရဲနေတဲ့ မျက်လုံးအိမ်ကြောင့် သူငိုထားမှန်း သိလိုက်ရသည်။
" နားတော့လေ ယွန်းဂီ "
နွမ်းလျလျအပြုံးနဲ့ ပြောလာတဲ့အခါ ကျတော့်ရင်ဘတ်ကြီးက ခံနိုင်ရည်ရှိမယ်တဲ့လား။
" ဂျင် "
" ငါ အိပ်ချင်ပြီ၊ အိပ်နှင့်မယ်။ မြန်မြန်သန့်ရှင်းရေးလုပ်ပြီးလာခဲ့ "
ကုတင်ဆီဦးတည်သွားတဲ့သူ့အားကြည့်ကာ ပင့်သက်ရှိုက်မိသည်။
*နည်းနည်းလေးမှ ရင်မဖွင့်ဘူးတဲ့လား၊ နာကျင်နေတာကိုတောင်လေ....*