ဓားကိုဆုပ်ကိုင်ထားမိသောလက်က နှင်းကြောင့်ထုံကျင်လာသည်။ အချိန်ကြာမြင့်စွာရပ်နေမိသောကြောင့်လည်းခြေထောက်များက တုန်ရီလာသည်။ ကျဆင်းနေသောနှင်းများက မျက်တောင်ဖျားတွင် အထပ်ထပ်တင်လို့လာသည်။ Chiyo နှင့် Xingye အတူရှိနေခဲ့သည့် ယမန်နေ့ညမှယခုအထိ မအိပ်စက်ရသည်မှာ နှစ်ညရှိပြီဖြစ်သောကြောင့် မျက်လုံးများကကျိမ်းစက်လို့လာသည်။ ခေါင်းတစ်ခုလုံးအနည်းငယ်မူးဝေနေပြီးရင်များလည်းပူနေသလိုပင်။

သို့သော် နှင်း၏အေးခဲမှုများသည်လည်း သူ့ရင်ထဲမှပူလောင်မှုများကိုတော့ အရည်မပျော်စေနိုင်ပါ။

မိုးရွာထဲတွင် Chiyo ကိုတွေ့ခဲ့သော်လည်း နှင်းများကြား၌ Chiyo အား တစ်ပါးသူကိုအပိုင်ပေးခဲ့ရသည်။ သူသည် ဘာကိုမှမတတ်နိုင်ဘဲ ယမန်နေ့ညက Chiyo တစ်ပါးသူဆီကိုသွားတာကိုကြည့်နေခဲ့ရသည်။

မင်းကို အတိတ်မှာလည်းမပိုင်ဆိုင်ခဲ့ရပါပဲ အနာဂတ်အထိပါ
ထပ်ပြီးစွန့်လွှတ်ရဦးမယ်ဆိုတဲ့အသိထက်ဘာကများပိုပြီးနာကျင်စေနိုင်ဦးမှာပါလဲ...

တစ်ကြိမ်တစ်ခါမျှမပိုင်ဆိုင်ခဲ့ရသည့်အရာကို မျက်စိရှေ့မှာတင် ဆုံးရှုံးလိုက်ရတာလောက် ဘာကများကြေကွဲစရာကောင်းနိုင်ဦးမလဲ ဆိုသောအတွေးက Shi ခေါင်းထဲကမထွက်။

ထို့နောက် Shi မျက်လုံးထောင့်မှမီးရောင်တစ်ချို့ကိုလှမ်းတွေ့လိုက်ရသောကြောင့် ခေါင်းလေးကိုအနည်းငယ်စောင်းကာလှည့်ကြည်လိုက်သည်။

လူရှစ်ဦးထမ်းရသည့်ဝေါယာဉ်တစ်ခုက ဤအဆောင်နားသို့တဖြည်းဖြည်းကပ်လာသည်။

ဝေါယာဉ်အနားသို့ရောက်လာ၍ကြည့်လိုက်တော့ ဘုရင့် ဝေါယာဉ်မဟုတ်မှန်းသိ၍ Shi တုတ်တုတ်မျှမလှုပ်ပေ။

ဝေါယာဉ်ရပ်သွားတော့အထဲမှထွက်လာသည့်သူက Rumi ။ Rumi ကား နန်းတော်ထဲတွင်နေထိုင်သူမဟုတ်ပါဘဲ Chiyo သတင်းကိုကြား၍သာ ညဘက်ဖြစ်နေတာတောင် ချက်ချင်းပြေးလာခြင်းဖြစ်မည်။

ထို့နောက် Rumi သူ့ဝတ်ရုံကိုမကာ ခြေလှမ်းခပ်သွက်သွက်ဖြင့်အဆောင်ဆီကိုလျှောက်လာသည်။ Shi ကတော့ စိုးစဉ်းမျှမလှုပ်ပဲ နေမြဲအတိုင်းသာနေပြီး မျက်လွှာကိုချထားသည်။

သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+UnicodeOù les histoires vivent. Découvrez maintenant