အပိုင်း ၄

115K 10.9K 131
                                    

UNICODE


--------------------------------------------------------------------------------------------------------------------------------

အပိုင်း(၄)
PAING'S POV:

"ဟို...ဟိုလေ မင်း...ထမင်းဆာရင်..."
စကားသံတိုးလျလျနဲ့အတူ မွှေးပျံသော ဟင်းအနံ့တွေကြောင့် ကျွန်တော် ခေါင်းထောင်ကြည့်မိတော့...
ထမင်းချိုင့်ဖွင့်လျက်နဲ့ အနားတိုးလာသော ကောင်လေး။ မျက်မှန်ဝိုင်းထဲက မျက်လုံးတို့တွင် ရွံ့တွန့်တွန့်
အမူအရာတွေနဲ့...
ဘေးနားက ရှုတူတူနဲ့ မှုန်ကာကုပ်ကာကြည့်နေသော တစ်ယောက်ကို မျက်လုံးထောင့်မှနေ၍တွေ့နေရ၍
ကျွန်တော်ဘာမှမပြောချင်တော့...ဂရုတစိုက်လာကျွေးသူ၏ စေတနာကိုမစော်ကားချင်ပေမဲ့ သူ့သူငယ်ချင်း
ကောင်လေး၏ မလိုလားမှုကိုမြင်နေရ၍ ပြန်မှောက်အိပ်နေလိုက်တော့တယ်။
ဟုတ်တယ် သူငယ်ချင်းအချင်းချင်း ကျွန်တော့်ကြောင့် စိတ်ဝမ်းမကွဲစေချင်ဘူး။

*****

CHAN'S POV:

"တွေ့လား ကောင်းဆက်စံ။ ငါမင်းကိုမပြောဘူးလား။ ဒီကောင်က ဆန်မရှိအစားကြီးပြချင်နေတဲ့ကောင်။
စေတနာနဲ့ကို မတန်တာ"
ကျူရှင်အပြန်လမ်းတစ်လျှောက် ကျောင်းမှဟိုကောင်လောရှည်ကောင်၏ လုပ်ပုံကို ခုမှကျွန်တော်အားပါးတရ
ပြောရတော့၏။
"သူက အားနာလို့နေမှာပါ ချန်းရာ...မင်းဘာကြောင့် ပိုင်သုတကိုမုန်းနေလည်းငါမသိဘူး"
"သူနေပုံထိုင်ပုံကိုက အချိုးမပြေတာ မင်းမတွေ့ဘူးလား"
"မင်းကိုလည်း ဘာမှမလုပ်ပဲနဲ့..."
မျက်မှန်ကိုတစ်ချက်ပင့်တင်ရင်း ကောင်းဆက်စံကို တည့်တည့်စိုက်ကြည့်တော့...
"ငါသွားပြီ" ဟူ၍ သူ့တိုက်ပေါ် ပြေးတက်သွားတော့၏။
ကျွန်တော်လည်း ကျောပိုးအိတ်ကြီးလွယ်လျက် သီတာလမ်းတစ်လျှောက် ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်
လာနေဆဲမှာပင် အနောက်မှစက်ဘီးဘဲလ်သံ ကလင်ကလင်ကို ကြားလိုက်ရ၏။
လမ်းဘေးကပ်ပေးလိုက်သည်နဲ့ ဝှီးခနဲနေအောင် ဘေးကနေ ဖြတ်ကျော်တက်သွားတာ။ ဝေးသွားသော
စက်ဘီး ၊ မြင်နေရသော ကျောပြင်။ စိတ်ထဲ ရင်းနှီးနေသလိုပဲ။
"လောရှည်ကောင် !"
အဟုတ်ပဲ။ နေ့တိုင်းမြင်နေရတဲ့ ဒီကောင့်ကျောပြင်။ မျက်နှာသာ မမှတ်မိချင်နေမယ်။ သူ့ကျောတော့
အလွတ်ရနေပြီ။ ဟုတ်တယ်လေ နေ့တိုင်း အဲ့ကျောဘဲ မြင်ရတာ။
"တောက် အသက်ရှည်အုံးမယ်။ ခုပဲသူ့အကြောင်း ပြောနေတာ။ ဒီကောင်ဒီနားမှာ နေတာလား"
ကျွန်တော်တို့ ကျောက်မြောင်းရပ်ကွက်ဆိုတာက ပင့်ကူအိမ်တွေလို လမ်းတွေနဲ့ရှုပ်ယှက်ခတ်နေတတ်တာ။
သီတာလမ်းမကြီးတစ်လျှောက် ဖြတ်ထားသော လမ်းသွယ်တွေကိုမှ ထပ်ဖြတ်ထားသော လမ်းတိုတွေနဲ့။
ကျွန်တော်စပြောင်းလာခါစကဆို ခဏခဏလမ်းပျောက်တတ်တာ။ ခုဒီကောင်ကခုမှ ပြောင်းလာတာကိုစက်
ဘီးနဲ့ဘာနဲ့ ဟုတ်လားမဟုတ်လားမသေချာပေမဲ့ သူလို့ပဲထင်တယ်။ သူ့မြင်လိုက်ရတာနဲ့ကို လူက
ဇဝေဇဝါ ယောင်ချာချာဖြစ်သွားတာ...
မား ဆိုင်ကိုဝင်ရ ကောင်းမလား စဉ်းစားပြီးမှ မသွားချင်တော့၍ ကိုယ့်အိမ်ကိုယ်သာ ပြန်လာလိုက်တော့သည်။
သော့ဖွင့်သံကြားတော့ နှင်းနုဖွေး တို့အမေက သူတို့အခန်းက နေထွက်ကြည့်ပြီး...
"သားပြန်လာပြီလား။ ထမင်းရော စားခဲ့လား" ဟု ဂရုတစိုက်ထွက်မေး၏။ နှင်းနုဖွေးကိုတော့မတွေ့။
စာ ကျက်နေတာ နေမှာပေါ့။
"မား ချက်ထားခဲ့တယ် အန်တီ။"
"အင်းအင်း သားအိမ်မှာ တစ်ယောက်တည်း မနေချင်ရင် ဒီဖက်ကူးလာနော်။ သမီးနဲ့ စာအတူတူလာလုပ်ပေါ့"
"ဟုတ် ဟုတ်"
စကားမြန်မြန်ဖြတ်ပြီးသာ အခန်းထဲဝင်လာလိုက်သည်။ ၁၂ပေအကျယ်ရှိ တိုက်ခန်းက ကျဉ်းပေမဲ့ တစ်ယောက်
တည်းအတွက် အထူးသဖြင့် ကျွန်တော့်လို ခြောက်တန်းကျောင်းသားလေးအတွက်ကျယ်လွန်းတယ်။
မားက ကိုယ့်ကလေးကိုယ် ဂရုမစိုက်တတ်တဲ့ အမေမျိုးတော့ မဟုတ်ပါဘူး။ သူ့ဝါသနာအရသီတာလမ်းထိပ်မှာ
ရှမ်းအစားအစာ ဆိုင်လေးဖွင့်ထားတယ်။ အစကတော့ ဖေဖေ့ဝင်ငွေကာမိအောင် ကျွန်တော့်ကို ကျူရှင်ကောင်း
ကောင်း ထားနိုင်ရုံလောက်သာ ရည်ရွယ်ဖွင့်ခဲ့ပေမဲ့ (၅)နှစ်အတွင်း ဆိုင်ခန်းကိုပင် ပြန်ဝယ်နိုင်သည်အထိ
ရောင်းအားကောင်းခဲ့သည့်နောက် မာမားလည်းဆိုင်ကနေကို ခွာမရတော့။
ည၉နာရီဆိုင်ပိတ်ပေမဲ့ ည၁၀နာရီလောက်မှ အိမ်ပြန်ရောက်တယ်။ ကျွန်တော့်ကိုစိတ်မချပေမဲ့ နောက်ပိုင်း
ကျွန်တော်လည်းတစ်ယောက်တည်းလည်း နေသားကျခဲ့ပြီ။ ကျူရှင်ကပြန်ရောက်တာနဲ့ကိုယ့်အခန်းထဲကိုယ်နေ။
စာထိုင်လုပ်။ ဂိမ်းဆိုင်တွေဘာတွေလည်းသွားမဆော့တတ်သလို။
ကားရှုပ်တဲ့ လမ်းပေါ်လည်း ထွက်မဆော့တတ်တဲ့ ကျွန်တော့်ကို မာမားစိတ်ချနေပြီ။ ခုဆို မားချက်
ပေးခဲ့တဲ့ ဟင်းတွေကိုတောင် ကိုယ်တိုင်နွှေးစားနေတတ်ပြီ။ တခါတလေ ကိုယ့်ဘာသာကိုယ်တောင် လက်တည့်
စမ်းပြီးချက်တယ်။ ဒါကိုတော့ မား မသိသေးဘူး။ သိရင်စိတ်ပူပြီး မလုပ်ခိုင်းမှာသေချာနေ၍ မရိပ်မိအောင်
လုပ်ရတာပေါ့။ ကျွန်တော်ချက်တာတွေက အရမ်းအကောင်းကြီးတော့မဟုတ်ပေမဲ့စားလို့တော့
ရနေပြီ။ ကျွန်တော် ဘက်စုံထူးချွန်နေဖို့လိုတယ်။ ဒါမှ ဟိုဘက်ခန်းက နှင်းနုဖွေး ကိုနင့်လောက်တော့
သနားတယ်လို့ပြောလို့ရမှာ။ နှင်းနုဖွေး အမေဆိုခဏခဏညည်းတယ်။ သူ့သမီးကစာကလွဲပြီးဘာမှမလုပ်တတ်
ဘူးဆိုပြီးတော့ပေါ့။နှင်းနုဖွေးကိုယ်တိုင်ကလည်း တစ်ချိန်ကုန် စာအုပ်နဲ့ မျက်နှာမခွာဘူး။
အေးလေ သူက ကျွန်တော့်ကို အသားလွတ်လာပြိုင်နေမှတော့ ဒီလောက်တော့ကြိုးစားရမှာပေါ့။
ဒါတောင် သူ ထ(၄)၊ ကျွန်တော်က ထ(၅)မို့ ကျောင်းမတူလို့။ မိန်းကလေးတွေ ဘာတွေမှန်းမသိ ကိုယ့်ဘာ
သာကိုယ်နေတာတောင်လိုက်ပြိုင်နေတာ။ သူတို့ဘယ်လောက်ကြိုးစားကြိုးစား ကျွန်တော်တို့
ယောကျာ်းလေးတွေကို မမီပါဘူး။
ကျွန်တော်တို့လောက်မှ ဉာဏ်မကောင်းတာ...ယောကျာ်းလေးမဟုတ်တည်းက နင်တစ်ပန်းရှုံးနေတာ
နှင်းနုဖွေးရဲ့လို့ မျက်နှာချင်းဆိုင် ပြောချင်ပေမဲ့ အခွင့်အရေးတော့ မကြုံသေးဘူး။
တစ်နေ့နေ့တော့ ပြောနိုင်မယ် ထင်ရဲ့...

EX-pectWhere stories live. Discover now