အပိုင်း ၁

261K 14.4K 252
                                    

UNICODE VERSION

--------------------------------------------------------------------------------------------------------------------------------

အပိုင်း(၁)
ကျွန်တော့်ဘဝ အသက်နဲ့ မလိုက်သော ကံကြမ္မာကို မည်သူရေးဆွဲထားပါသနည်း။
ဤလောကထဲ စတင်ဝင်ရောက်ချိန်တွင် ကျွန်တော့် မေမေသည်အသက်အားဖြင့် ၁၈နှစ်စွန်းစွန်းသာ
ရှိသေးသည်ဟု ကြီးကြီးမေ၏ အပြောအရ သိခဲ့ရသည်။ အရွယ်မတိုင်ခင်ကိုယ်ဝန်ဆောင်ခဲ့ရရှာသော
မိခင်တစ်ဦး၏ ရင်သွေးဖြစ်တဲ့ ကျွန်တော်သည်လည်း နို့ရည်အာဟာရဓာတ်ကို အဟိတ်တိရစ္ဆာန်ဖြစ်သော
နွားကလေးများဆီမှ လုယူသောက်သုံးခဲ့ရသည် တဲ့။
အတိုးအရင်းပေါင်းခြင်း၏ ညီမျှခြင်းတစ်ဖက်တွင်ရှိနေသော ဖေဖေ့မဟေသီကျွန်တော့်မေမေသည် ဖေဖေ့ကြောင့်
သာလျှင် ကျွန်တော်ဖြစ်တည်လာ၍ ကျွန်တော့်ငိုသံသည် သူ့အနာဂတ်တံခါးများကို ပိတ်ပစ်နေခဲ့သည်ဟူသော
စွဲချက်ဖြင့်ကျွန်တော့်ကို လျစ်လျူရှုခဲ့သည်ဟု ကြီးကြီးမေက ကျွန်တော့်ကို သနားကြီးလွန်းသလိုဟန်ဖြင့်
သွားလေသူယောင်းမကို အားမနာတမ်း ဝေဖန်ခဲ့သည်။
ကျွန်တော်လူဖြစ်ခင်နဲ့ လူမှန်းမသိခင်က ကိစ္စတွေဖြစ်၍ ကျွန်တော်မယုံပါဘူး။ ကျွန်တော်သိတတ်ချိန်ရောက်တော့
ကျွန်တော့်မှာ မိုးစက်လေးတွေကြည်လင်လှတဲ့ မိုးဝသာန်ဦးဆိုတဲ့ ချစ်စရာညီမလေးတစ်ယောက် ရှိနေခဲ့ပြီ။
မေမေနဲ့တူတဲ့ ညီမလေးကိုတော့ မေမေချစ်တာတွေ့ခဲ့ရ၍ မေမေ ကျွန်တော့်ကို မချစ်ခဲ့ဘူးဆိုတာကို
မယုံနိုင်တာ။
နို့ချိုမတိုက်ကျွေးခဲ့ဘူးဆိုတာကလည်း ယုံတမ်းပုံပြင်သာသာပါ။ ဘာလို့ ဒီလိုပြောနေနိုင်နေတာလဲ။
အဖြေက ရိုးသည်။ နို့ကောင်းကောင်းမသောက်ခဲ့ရလို့ သေးကွေးပီလှီနေတဲ့ ကလေးလေးတွေကို
မြဝတီ TVကနေကျွန်တော်တွေ့ဖူး၏။ ကျွန်တော်က သူတို့နဲ့မှမတူတာ မှ နည်းနည်းမှကိုမတူတာ။
အသက်၈နှစ်အရွယ်မှာတင် ကျွန်တော့်ကဖေ့ဖေ့ခါးကိုမှီတော့မယ့်အရပ်အမောင်းနဲ့လေ။ နောက်ပြီး
နန်းရှေ့ရပ်ကွက်ထဲ ရေကုန်ရေခမ်း ၊ မီးကုန်ယမ်းကုန် ကျွန်တော် ဆော့နိုင်သည်။ ဆော့နေရင်းများ
လာမငြင်းလေနဲ့ပါးစပ်ကပြောမနေဘူး။ လက်နဲ့ပဲအီလဆံဝေအောင် တီးပေးလိုက်တာ။ ဟုတ်တယ် ။
ပြိုင်အော်ဟစ်ငြင်းနေရတာနဲ့တင် ဆော့ချိန်ပုပ်တယ်။ တစ်ချက်တည်းတီးပေးလိုက်အေးရော။
ငြင်းတဲ့ကောင်လည်း ငိုယိုပြီး အိမ်ပြန်သွား။ ကျန်ခဲ့တဲ့ ကျွန်တော်တို့က အေးအေးဆေးဆေး
ဆက်ကစားပေါ့...နောက်ဆက်တွဲပြဿနာတော့ နည်းနည်းရှိတယ်။ လုပ်လိုက်တာ နည်းနည်းခြေရာလက်ရာပါ
သွားရင် ငြင်းတဲ့ကောင်ရဲ့အမေက ကျွန်တော့်အိမ်ကို မိမဆုံးမဖမဆုံးမလေးဆိုပြီးလာဆူတတ်တယ်။
အဲ့လိုလာပြောလာရင် ကျွန်တော်မနာဘူး။ သူပြောနေတာလည်း အမှန်တွေပဲလေ...
ကျွန်တော့်မှာ မေမေမှ မရှိတော့တာ။ မေမေကကျွန်တော်နဲ့ ညီမလေးကိုထားသွားပြီး နောက်ဘဝမှာ ကလေးလေး
ပြန်ဖြစ်နေလောက်ပြီ။ ဖေဖေဆိုတာကလည်း နယ်စပ်နဲ့သူ့ပွဲရုံတွေကိုပဲ ရောက်နေတတ်တာ။ မိကောဖကော
'မ' ဆုံးမနိုင်တာမှန်နေတာပဲလေ ။ ထူးဆန်းတာက ဒါကိုကြီးကြီးမေကတော့နာတယ်။ အဲ့ပြောတဲ့ ငြင်းတဲ့ကောင်ရဲ့
အမေကို ခွန်းကြီးခွန်းငယ်နဲ့ကို ပြန်တုံ့ပြန်တတ်တယ်။ အဲ့အချိန်ဆို ညီမလေးကကြောက်ပြီးငိုပါရော။
အမြင်မတော် ကျွန်တော်က ဝင်တားရတယ်။ ညီမလေးက မွေးကတည်းက နှလုံးမှာ အပေါက်
တစ်ပေါက်ပါနေတာရယ်။ ငိုလို့ယိုလို့မရဘူး။ ပြီးတော့ အသက်ကလေးမှ ငယ်ငယ်လေးရှိသေး မျက်မှန်ပါဝါက
တစ်ဖက်၁၅၀ကျော်နေပြီ။ ငိုရင်မျက်လုံးတွေနာမှာပေါ့။ ကျွန်တော့်ညီမလေးကအမြဲဆူပူနေတတ်တဲ့
ကြီးမေကြီးလိုမဟုတ်ဘူး။ နုနုငယ်ငယ်လေး။ စကားလည်း နည်းတယ်။ ခဏခဏနေမကောင်းဖြစ်နေတတ်လို့
ကျွန်တော့်လို နေပူပူထဲလည်းမဆော့နိုင်ရှာဘူး။ ကျွန်တော်ကသူနဲ့အတူ ဆော့ပေးဖို့ ကျတော့လည်းသူ့အရုပ်မ
ပိန်သေးသေးတွေကိုကျွန်တော်မှ ဘာမှမလုပ်ပေးတတ်တာ။ ညီမလေးက ဆော့တာက နည်းနည်း
အရုပ်မကိုအကျီ ၤတွေလဲပေးတာ ခဏခဏ။
ကျွန်တော့်ရှေ့လည်း သူ့ပိန်သေးမတွေကို ချွတ်တာပဲ။ ကိုယ်တုံးလုံးတွေဖြစ်နေတဲ့အရုပ်မတွေကို ကျွန်တော်
မကြည့်ရဲပါဘူးဗျာ။ သူ့မှာလည်း ဒါပဲဆော့စရာရှိတာကိုး။ အိုးပုတ်တော့ တစ်ခါ ဝိုင်းကစားပေးဖူးတယ်။
ကျွန်တော်ကိုင်တာ ကြမ်းလို့ သူ့မြေသားဒယ်အိုးလေး ကွဲသွားလို့ငိုတာဆိုတာ ကျွက်ကျွက်ညံသွားရော။
ကြီးမေကလည်း ဘယ်တုန်းတည်းက လုပ်ချင်နေမှန်းမသိ အကွက်လည်းဆိုက်ရော ကျွန်တော့် ခေါင်းကို
ခေါက်ထည့်လိုက်တာ ဂွတ်ခနဲပဲ။ မြေအိုးကွဲသွားတုန်းက အသံထက်တောင်ကျယ်သေး။ အဲ့တည်းက
မကစားပေးတော့ဘူး။ ညီမလေးလည်း သူ့အာရုံနဲ့သူ ပိန်သေးမတွေနဲ့ လွှတ်ပေးထားလိုက်တယ်။ငြိမ်ငြိမ်လေးသာ
ထိုင်ဆော့နေတော့ပဲ။ အိမ်ပေါ်ထပ်ကနေအောက်ဆင်းရင်တောင် မောနေတတ်တဲ့ ညီမလေးကို ဘဘငြိမ်းက
ကျောင်းလိုက်ပို့ရင် ကျောင်းပေါက်ဝကနေ သူ့အခန်းထဲထိ ကုန်းပိုးပို့ရတာ။ ခုနှစ်တော့
ကျွန်တော်လည်း ညီမလေးကိုနိုင်နေပြီမို့ ကျွန်တော်ကိုယ်တိုင်ပဲ ကုန်းပိုးပို့တယ်။ တစ်နှစ်ပဲ ကွာပေမယ့်
ညီမလေးက သေးသေးလေးရယ်။ ကျွန်တော်ကောင်းကောင်းနိုင်တယ်သူ့ကိုယ်ပေါ့ပေါ့လေးကို။
ကျွန်တော်အသက်ကြီးလာရင်တော့ ဆရာဝန်လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်ပဲ
ညီမလေးကို စောင့်ရှောက်ရမှာ။ ကြီးမေကအားနေ နင်တို့မောင်နှမနှစ်ယောက်ကို ငါထားခဲ့တော့မှာ။
စစ်ကိုင်းချောင်မှာ သွားနေတော့မှာ ဆိုပြီးအော် အော်နေတာ။
အမှန်တော့ ကျွန်တော်က သိပ်ဆိုးတဲ့ အထဲမပါပါဘူး။ ပျင်းလို့ လမ်းထဲထွက်ဆော့ရုံလေးပါ။
စာလည်းမညံ့ပါဘူးရယ်။ ခုသုံးတန်းရောက်နေပြီ။ နှစ်တိုင်းပထမရလို့ ဆရာမကြီးကတောင်ကျွန်တော့်ရဲ့ ပိုင်သုတ
ဆိုတဲ့နာမည်ကို အလွတ်ရနေပြီ။ တွေ့တာနဲ့တွေ့တဲ့နေရာမှာ နှုတ်ဆက်တာ။ စာမကျက်ဘဲ အတန်းထဲ
စာအညံ့ဆုံးဖြစ်နေလည်းထားတော့။ ခုဟာက ဆရာမတွေချီးကျူးရင်ကျွန်တော်နဲ့တူတူ ဆုပေးပွဲတွေလိုက်ရင်
တော့ ကျွန်မသားလေးလေဘာညာဆိုပြီး အိမ်မှာဆိုရင်တော့ အမြဲဆူပူနေတာ။ သားလို့ခေါ်ဖို့ မပြောနဲ့။
ရှေးရှေး နန်းထဲက ငယ်ကျွန်ကြီးတွေကို ခေါ်သလို နာမည်ရှေ့ "င" တတ်ခေါ်တာ ငပိုင် ဆိုပြီး။
ဖေဖေရှေ့တစ်ခါခေါ်မိလို့ ဖေဖေစိတ်ဆိုးပြီးသွားတာတောင်ဖေဖေ့ကွယ်ရာ ခေါ်တာပဲ။
ဒါကိုကျွန်တော်လည်း မကြိုက်ပေမဲ့ ဖေဖေ့ကိုပြန် မတိုင်ချင်ဘူး။
ဘာပဲဖြစ်ဖြစ် ကြီးမေရှိလို့ ညီမလေးနဲ့ကျွန်တော် ထမင်းပုံမှန်စားနေရတာပေါ့။ ညီမလေးအတွက်လည်း
ကြီးမေကိုလိုအပ်တာပဲလေ။ ကျွန်တော့်ကြည့်မရလို့လည်း ဘာမှမဖြစ်ပါဘူး။ အဓိက က ညီမလေးကို
စောင့်ရှောက်ပေးရင် တော်ပါပြီ။ ကျွန်တော်အသက်မြန်မြန်ကြီးချင်တယ်။ ဒါမှ ညီမလေးကို ဂရုစိုက်ပေးနိုင်မှာ။

EX-pectWhere stories live. Discover now