(Unicode)
"လာပြန်ပြီ"
စက်ရုပ်ကြီးဖြင့်ဆော့နေသည့် ကလေးငယ်က စည်းစိမ် ကိုတွေ့တာနဲ့မျက်လုံးလေးဝင့်ကြည့်ကာပြောလာသည်။ဟုတ်လည်းဟုတ်ပါတယ် ဒီတစ်လော စည်းစိမ် ရဲ့မိဘနှစ်ပါးက အန်တီထိပ်ထားနှင့် အလုပ်ကိစ္စမပြတ်ရှိနေတာမို့ ဒီကလေးငယ်တို့အိမ်ကိုခဏခဏရောက်ဖြစ်နေသည်။
"ဘာလို့လဲ၊ ကိုကိုလာတာမကြိုက်ဘူးလား၊ သူငယ်ချင်းတွေဖြစ်နေပြီလို့ ထင်တာကိုကွာ"
ရာရာ့ဘေးနားမှာဝင်ထိုင်ရင်း စည်းစိမ် ပြောလိုက်တော့ နှုတ်ခမ်းလေးဆူသွားသည်။
"လူကြီးနဲ့ကလေး ဘယ်လို သူငယ်ချင်းဖြစ်မှာလဲ"
"ကိုကိုက လူကြီးမှမဟုတ်တာ၊ ကိုကိုက ကလေးပဲရှိသေးတာလေ"
"ဒါပေမယ့် မင်းက..အမ်း ကိုကိုက ငါ့ထက်ကြီးနေပြီလေ"
"လူကောင်ပဲကြီးတာပါ၊ ကိုကိုလည်း အခုမှကလေးပဲရှိသေးတာ"
ဟုတ်လို့လား ဆိုတဲ့ပုံစံလေးဖြင့် စည်းစိမ် ကိုမျက်လုံးလေးစွေကြည့်လာသည်။
"တကယ်ပြောတာ မညာဘူး"
"အဲ့လိုဆိုလည်း သူငယ်ချင်းလုပ်ရမှာလား၊ ကိုကိုကဘယ်လောက်ထိတော်လို့လဲ၊ ငါက တော်တဲ့လူနဲ့ပဲပေါင်းမှာ"
စည်းစိမ် မျက်ခုံးပင့်ကာရယ်လိုက်မိသည်။
"ဘာရယ်တာလဲ"
"မဟုတ်ပါဘူး၊ ကိုကိုက တော်ပါတယ် ရာရာရဲ့"
"ဘယ်လိုတော်တာလဲ၊ ပြောပြ"
"အင်းး...အတန်းထဲမှာ အဆင့်တစ်ရတယ်လေ၊ ကိုကိုကစာတော်တယ်၊ ဆုတွေလည်းရတယ်၊ နောက်ပြီး အပြေးပြိုင်တာလဲတော်တယ်"
ရာရာ့ရဲ့မျက်လုံးလေးတွလက်ခနဲဖြစ်သွားတာကို စည်းစိမ် သတိထားမိလိုက်သည်။
"ဟုတ်လို့လား"
"အင်း ဟုတ်တာပေါ့"
"အမ်းး တော်ရုံနဲ့မရဘူး ချမ်းရောချမ်းသာလား၊ ပိုက်ဆံလေ၊ ပိုက်ဆံရှိလား"
"ရှိတာပေါ့၊ ကိုကိုလည်း ရာရာ့လို တိုက်နဲ့နေတာပဲ"
ရာရာက စည်းစိမ် ကိုတွေးတွေးဆဆလေးကြည့်လာပြီးတော့မှ သူ့အရုပ်ခြင်းထဲက အရုပ်တစ်ရုပ်ကို ယူပေးလာသည်။
