(Unicode)
"အားးးး"
စူးခနဲနေအောင်အော်လိုက်သံကြောင့် အနီးအနားကအိမ်ဖော်တွေအကုန်လုံး ကိုယ်တွေယို့ကာတုန်သွားခဲ့ကြသည်။
"ကိုကို့ကိုခေါ်ပေး! အခုချက်ချင်းလာခဲ့ဖို့ပြောလိုက်!"
အနည်းငယ်နီရဲနေတဲ့ လက်ဖမိုးကိုငုံ့ကြည့်ပြီးပြောလာတဲ့စကားတွေက ဒေါသတွေဖြင့်။မျက်ဝန်းတွေလည်းရဲစွေးနေပြီး အံကိုတင်းတင်းကြိတ်ထားသည်။
"ပြောနေတာမကြားဘူးလား!!"
ဒုန်း!
စားပွဲကိုရိုက်ပြီးထပ်အော်လိုက်သံကြောင့် အလုပ်လုပ်နေတာ နှစ်အနည်းငယ်ကြာပြီဖြစ်တဲ့ အမျိုးသမီးကရှေ့ထွက်လာသည်။
"ဟုတ်ကဲ့ သခင်လေး၊ အိမ်ဖုန်းနဲ့ပဲခေါ်လိုက်ရမှာလားရှင်"
"အိမ်ဖုန်းနဲ့မခေါ်လို့ ဘယ်ဖုန်းနဲ့ခေါ်ချင်တာလဲ!"
"ဟို..သခင်လေးရဲ့ဖုန်း.."
"အမေးအမြန်းကလည်းထူလိုက်တာ၊ အိမ်ဖုန်းနဲ့ပဲခေါ် မြန်မြန်ခေါ်! ငါ့လက်ဒီထက်အခြေအနေဆိုးသွားတာကို မြင်ချင်နေကြတာလား!!"
ထိုစကားအဆုံး အကုန်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ကြသည်။အမျိုးသမီးကတော့ ဖုန်းခေါ်ရန် ထမင်းစားခန်းထဲကထွက်သွားလေပြီ။
စူးရှတဲ့မျက်ဝန်းတွေဟာ ချက်ချင်းဆိုသလို ဘေးနားမှာ တုန်တုန်ချိချိဖြင့်ရပ်နေတဲ့ အမျိုးသမီးငယ်ဆီရောက်သွားခဲ့သည်။ထို့နောက် နှုတ်ခမ်းပါးတစ်ဖက် တွန့်ချိုးရုံမဲ့ပြုံးပြုံးပြီး ပြောလိုက်သည်က
"မင်းကိုအလုပ်ထုတ်လိုက်ပြီ!"
ထိုအမျိုးသမီးငယ်ရဲ့ တစ်ချိန်လုံးတင်းထားသမျှမျက်ရည်တွေဟာ ထိုစကားအဆုံးမှာ ပြိုကျသွားတော့သည်။
***********************************************
ကွန်ကရစ်လမ်းမထက်မှာ အရှိန်မြန်မြန်ဖြင့် မောင်းနှင်နေတဲ့ အနက်ရောင်ကားတစ်စီး။
စီယာတိုင်ကိုကိုင်ထားသည့်လက်ချောင်းတွေဟာ အချိုးအဆစ်ကျလှစွာ။အနည်းငယ်မှုန်ကုပ်ထားသည့်မျက်ခုံးထူတွေက ဖြောင့်တန်းတန်း။နှာတံမြင့်မြင့်အောက်က နှုတ်ခမ်းထူထူဟာလည်းတင်းတင်းစေ့လို့ပင်။ဘေးဘယ်ညာကိုအကြည့်ကစားနေသည့် မျက်စံအနက်ရောင်တွေနှင့်အတူ မျက်ဝန်းအိမ်ဟာလည်းခပ်ကျယ်ကျယ်။ညာဘက်မျက်ခွံပေါ်ရှိ မှဲ့နက်နက်ဟာ ထင်းနေသည်။
