(Unicode)
"ရာရာ ညကညစာရောစားပြီးရဲ့လား၊ မောင်ဘုန်း လာပို့တုန်းက သားအရမ်းအိပ်မောကျနေလို့ မေမေကြီးမနှိုးတော့တာ"
"စားတယ် မေမေကြီး"
တို့ဟူးနွေးက အခရာ အကြိုက်ဆုံး အစားအစာဖြစ်တာမို့ခေါင်းမဖော်တမ်းစားဖြစ်သည်။အခရာ ကြိုက်တာမို့ မနက်စာအတွက် တစ်ပတ်မှာလေးရက်လောက် တို့ဟူးနွေးကို စီစဉ်ပေးကြသည်။
"ရာရာ"
"ဟုတ်ကဲ့"
"ဒီနှစ်ရော စာမေးပွဲပြန်ဖြေဦးမှာလား"
မေမေကြီးကို အခရာ အကဲခတ်ကြည့်လိုက်တော့ အခရာ စာမေးပွဲဖြေဖြေမဖြေဖြေ မေမေကြီးကကိစ္စမရှိသည့်ပုံပင်။အခရာ ကလည်း စာဆိုရင် အသံပင်မကြားချင်သည့်အထဲပါတယ်မို့ ဆယ်တန်းပြန်မဖြေချင်တော့ပါ။နှစ်နှစ်လောက်ဖြေလာတာလည်းအောင်မှမအောင်တာ။
"မဖြေချင်တော့ဘူး မေမေကြီး၊ ဆယ်တန်းမအောင်လည်းဘဝပျက်သွားတာမှ မဟုတ်တာ"
အချိန်တန် မေမေကြီးပေးခဲ့မယ့်အမွေဖြင့် ယပ်ခတ်စားမည့် အခရာ့ အတွက်တော့ ဘွဲ့တစ်ခုနှင့်အလုပ်တစ်ခုဆိုတာ လိုမနေပါ။နောက်ပြီး အခရာ့ မှာ ကိုကိုလည်းရှိသေးတာပဲ။
"စာမေးပွဲမဖြေချင်တော့ရင်လည်းနေပါ၊ ရာရာ ဝါသနာပါတာရှိရင်လုပ်လေ၊ ဘာလုပ်ချင်လဲ"
သေချာစဉ်းစားကြည့်လိုက်တော့ အခရာ ဝါသနာပါတာက မယ်မယ်ရရမရှိ။ဟိုနည်းနည်း ဒီနည်းနည်းဖြစ်နေသည်။
"မေမေကြီး သားစဉ်းစားလို့မရဘူး၊ တစ်ခုခုစဉ်းစားလို့ရရင်ပြောမယ်လေ"
"အင်းပါ အင်းပါ"
တို့ဟူးနွေးနောက်တစ်ပွဲထပ်စားနေတဲ့ သားဖြစ်သူကို ဒေါ်ထိပ်ထားစံ ပြုံးကြည့်နေမိသည်။မိမိ၏ ရင်နှစ်သည်းချာတစ်ဦးတည်းသောသားလေး။
ရာရာ့မှာက အဖေမရှိပါ။ဒေါ်ထိပ်ထားစံ လိုအမျိုးသမီးက ယောက်ျားတစ်ယောက်ယူပြီး သူမဘဝထဲကိုဝင်လာစေဖို့ အစီအစဉ်ရှိသူမဟုတ်။ရာရာ့ကို သုတ်ပိုးအလှူခံဖြင့် သူမတစ်ယောက်တည်းကိုယ်ဝန်ဆောင်ပြီးမွေးခဲ့တာဖြစ်သည်။သူမရဲ့မိခင် ရာရာ့အဘွားတုန်းကလည်း သူမကိုထိုသို့မွေးခဲ့တာဖြစ်ပြီး အမေဆုံးတော့ သူမကလည်း အမေဖြစ်သူရဲ့လမ်းစဉ်ကိုလိုက်ခဲ့တာဖြစ်သည်။
