(Unicode)
စည်းစိမ် တို့မိသားစု၏ မနက်စာဝိုင်းဟာ အေးချမ်းတိတ်ဆိတ်စွာပင်။မနက်စာစားပြီးရင် စည်းစိမ်ရော အဖေရောက အလုပ်ကိုယ်စီသွားကြပြီး အမေသာအိမ်မှာကျန်ခဲ့လိမ့်မည်။
စည်းစိမ် ဆရာဝန်အလုပ်ကိုရွေးချယ်ခဲ့တုန်းက အဖေရောအမေရော တားမြစ်ခဲ့ခြင်းမရှိခဲ့ဘဲ အားပေးခဲ့ကြသည်။တခြားလုပ်ငန်းရှင်အဖေတွေလို အဖေက သူ့လုပ်ငန်းကိုဆက်ခံဖို့ဆိုပြီး စည်းစိမ် ကိုဖိအားပေးခြင်းမရှိခဲ့ပါ။စည်းစိမ် စိတ်ချမ်းသာရာကိုသာလုပ်စေသည်။အဖေ့စိတ်ဓာတ်ကရှင်းသည်။လုပ်ငန်းအတွက် သူလုပ်ပေးနိုင်သမျှကိုကြိုးစားလုပ်ပေးမှာဖြစ်ပြီး သူ့ထက်လုပ်ပေးနိုင်တဲ့လူပေါ်လာတဲ့အခါကျရင်လည်း ထိုလူဟာဘယ်သူပဲဖြစ်နေပါစေ နေရာကနေဖယ်ပေးဖို့ဝန်မလေးသူဖြစ်သည်။အမွေဆက်ခံကိုဆက်ခံရမှာတွေ အဖေ့မှာရှိမနေ။လော၊ဒေါသ၊မောဟတွေကင်းတာကြောင့်ပဲ အဖေ့ရဲ့စိတ်တွေပျိုမြစ်ပြီး နုပျိုနေတာဖြစ်ရမည်။စည်းစိမ် ဟာလည်းအဖေတူသားဖြစ်ဖို့ အဖေ့ခြေရာကိုအတတ်နိုင်ဆုံးနင်းပါမည်။
နောက်ဆုံးကျန်တဲ့ ထမင်းကြော်ကိုစားပြီးတာနဲ့ စည်းစိမ် ထိုင်နေရာမှထဖို့ပြင်လိုက်ရင်း
"သားသွားတော့မယ်နော်၊ အဖေနဲ့အမေ"
"ဟင် ဒီနေ့စောတာလား သား"
အမေ ကမေးလာသည်။ပုံမှန်ဆို စည်းစိမ် ကမနက်စာစားပြီး ခဏတဖြုတ်နားပြီးမှ အလုပ်သွားနေကျ။
"ရာရာတို့ဆီ ခဏဝင်မလို့ပါ အမေ"
"ကိစ္စရှိလို့လား"
"မနေ့က ရာရာ့လက် ဟင်းရည်ပူလောင်တာလေ၊ အဲ့ဒါ ဒဏ်ရာအခြေအနေ တစ်ချက်ဝင်ကြည့်ပေးမလို့ပါ"
အမေက သောက်လက်စကော်ဖီကိုချကာ စည်းစိမ် ကိုကြည့်လာပြီး
"အပူကဘယ်လိုဖြစ်လို့လောင်တာတုန်း"
စည်းစိမ် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့ အမေက ခေါင်းတဆတ်ဆတ်ညိမ့်သည်။
"အဲ့မိန်းကလေး အလုပ်ထွက်လိုက်ရပြီမလား"
စည်းစိမ် ဘာမှပြန်မဖြေတော့ အမေကသက်ပြင်းအသာချသည်။အဖေကတော့ဘာတစ်ခွန်းမှ ဝင်မပြောဘဲ သတင်းစာသာဖတ်နေပါသည်။
