(Unicode)
အဖေနှင့်အမေက အလုပ်ကိစ္စကြောင့် အန်တီထိပ်ထား တို့အိမ်လာတော့ စည်းစိမ် လည်းလိုက်လာခဲ့လိုက်သည်။ဒီတစ်ခါနဲ့ဆို သုံးခါမြောက်ရှိပြီဖြစ်ပေမယ့် မင်းအခရာ ဆိုတဲ့ကလေးငယ်ကတော့ စည်းစိမ် ကိုအလိုမကျသလိုကြည့်တတ်တုန်း။သို့သော် တစ်ဦးတည်းသောသား စည်းစိမ် ကတော့ ရာရာ့လို ဂျစ်ကန်ကန်ညီလေးကို အသည်းတယားယားရှိလှပါသည်။
"မင်းက ဆော့လည်းမဆော့တတ်ဘူးကွာ!"
ခပ်စူးစူးအသံလေးကြောင့် သူပြုံးမိသည်။အမြဲတမ်းဆော့နေကျကလေးငယ်ထက်စာရင်တော့ စည်းစိမ် ပုံကပ်တွေကို အချိန်မှီမစီတတ်တာအမှန်ပါ။
"ကိုကိုက အခုမှပထမဦးဆုံးဆော့ဖူးလို့ပါ ရာရာရဲ့"
"ဘာမှမဟုတ်ဘူး၊ အသက်ကြီးပြီးဦးနှောက်မကောင်းတာ"
စည်းစိမ် ခေါင်းခါရင်းသာပြုံးမိသည်။
"ဒါဆို ဒီလိုလုပ်၊ ကိုကိုတို့အလောင်းအစားလုပ်ကြရအောင်"
"အလောင်းအစားက ဘာတုန်း"
မျက်မှောင်လေးကျုံ့ပြီးမေးလာတဲ့ကလေးငယ်ကချစ်စဖွယ်။ချည်အကွက်ဝမ်းစက်လေးဝတ်ထားပြီး ကော်ဇောပေါ်ပိပိပြားပြားထိုင်နေပုံလေးက ကောက်ပွေ့ထားချင်စရာပင်။
"ဒီတစ်ခေါက် ကိုကိုအရုပ်ဆက်လို့ရှုံးသွားရင် ရာရာခိုင်းတာအကုန်လုပ်ပေးမယ်"
"ဟာ တကယ်နော်!"
"အင်း ဒါပေမယ့် ကိုကိုနိုင်ရင်တော့ ရာရာ့ဘက်က ပြန်လုပ်ပေးရမှာရှိတယ်"
"ဘာကြီးလဲ"
"ကိုကို့ကို ရာရာက မင်းလို့မပြောဘဲ ကိုကိုဆိုပြီးခေါ်ရမယ်၊ ကိုကိုက ရာရာ့ထက်အသက်ကြီးတယ်လေ"
ရာရာလေးက နှုတ်ခမ်းလေးဆူကာစဉ်းစားဟန်ပြုပြီးမှ ခေါင်းလေးတဆတ်ဆတ်ညိမ့်ပြလာသည်။အလောင်းအစားဖြစ်ပြီဆိုတော့လည်း စည်းစိမ် ဦးနှောက်အကုန်ထုတ်သုံးရတော့တာပေါ့။
ထိုနေ့ကစပြီး ကိုကိုဟု ဆူပုတ်ပုတ်ခေါ်လာတဲ့ကောင်လေးက အခုတော့လည်း ဝေဝေဆာဆာခေါ်တတ်နေခဲ့ပါပြီ။
