"အင်း၊ သေချာလေးဂရုစိုက်ဦးနော်၊ ညီ့ တံတောင်ကအနာရော"

တံတောင်လေးကွေးပြကာ စည်းစိမ် ကိုပြုံးပြရင်း

"ပျောက်နေပါပြီဗျ"

"အင်း တော်သေးတာပေါ့၊ ဒါဆို အစ်ကို့ကိုခွင့်ပြုပါဦး၊ နေ့လယ်စာသွားစားမလို့၊ ညီရော စားပြီးပြီလား"

"ဟုတ်ကဲ့ စားပြီးမှ ထွက်လာတာပါ ဒေါက်တာ"

ကောင်လေးက စည်းစိမ် ကိုရော ထက်ဉာဏ် ကိုပါအပြုံးဖြင့်ခေါင်းလေးညွှတ်ကာနှုတ်ဆက်လာတာမို့

"အစ်ကိုတို့အချင်းချင်းသိကြပေမယ့် သေချာတော့မိတ်မဆက်ရသေးဘူးပဲ၊ အစ်ကို့နာမည် ဘုန်းစည်းစိမ်ပြည့် ပါ၊ ဒါက အစ်ကိုသူငယ်ချင်း ဇွဲထက်ဉာဏ်"

"ဟုတ်ကဲ့၊ ဒေါက်တာ့နာမည်ကိုတော့ ကျွန်တော်ဆေးခန်းလာပြတုန်းကသိထားပါတယ်၊ သိကျွမ်းခွင့်ရတာဝမ်းသာပါတယ်ဗျ၊ ကျွန်တော့်နာမည် သံယောဇဉ် ပါ"

"တွေ့ရတာဝမ်းသာပါတယ်၊ ဒါနဲ့ နာမည်ကဆန်းသားပဲနော်"

ထက်ဉာဏ် ရဲ့စကားကြောင့် သံယောဇဉ် ကမနေတတ်သလိုလေးပြုံးသွားသည်။

"အဲ့ဒါဆို အစ်ကိုတို့ကိုခွင့်ပြုဦး"

"ဟုတ်ကဲ့ ဒေါက်တာ ဟုတ်ကဲ့"

"သွားပြီနော် သံယောဇဉ်"

"ဟုတ်ကဲ့ဗျ"

အသီးသီးနှုတ်ဆက်ပြီး ကျောခိုင်းသွားသူတွေကို သံယောဇဉ် မျက်စိတစ်ဆုံးလိုက်ကြည့်မိသည်။ဂျူတီကုတ်ဝတ်ထားသည့်ကျယ်ပြန့်တဲ့ကျောပြင်ဟာ ဤမျှလောက်အထိကြည့်ရကောင်းမှန်း သံယောဇဉ် သေချာလေးသိလိုက်ရပါသည်။

***********************************************

အချိန်တစ်ပတ်ဟာမြန်မြန်ဆန်ဆန်ပဲကုန်သွားပြီး မနက်ဖြန် စည်းစိမ် နှင့် ရာရာတို့ရဲ့စေ့စပ်ပွဲနေ့ဖြစ်သည်။စေ့စပ်ပွဲကို အန်တီထိပ်ထား ရဲ့အသိမိတ်ဆွေပိုင်တဲ့ hotel မှာကျင်းပမှာဖြစ်ပြီး နှစ်ဦးနှစ်ဖက် ရင်းနှီးကျွမ်းဝင်တဲ့မိတ်ဆွေတစ်ချို့ကိုသာဖိတ်ထားပါသည်။ဒီနေ့မှာတော့ စည်းစိမ် ကအလုပ်နားပြီး ရာရာနှင့်အတူ စျေးဝယ်ထွက်ဖြစ်ကြသည်။

Your Command (pause)Where stories live. Discover now