"မဟုတ်တာ၊ မင်းပဲငါ့ထက်အရင်အိုမှာပါကွာ"

"အင်း အိုဆိုတော့လည်းအိုတာပေါ့၊ အသက်တွေကကြီးလာမှာ ဆေးပေးမီးယူအရင်ရထားတဲ့လူက အသာပဲ"

"အံမယ် အသံကောင်းနေတာ"

"ငါက ပြောအားရှိတယ်လေ"

"အေးပါကွာ"

သူငယ်ချင်းနှစ်ယောက်စကားကောင်းနေကြရင်း နေ့လယ်စာစားချိန်တောင်ရောက်သွားလေပြီ။

ဆေးရုံကန်တင်းမှာ ထမင်းစားရန် နှစ်ယောက်သားထွက်လာခဲ့ကြသည်။ထက်ဉာဏ် ကလည်း ဆေးရုံအလုပ်တွေနှင့် စည်းစိမ် ကလည်းဆေးခန်းတစ်ဖက်နဲ့ဆိုတော့ သူငယ်ချင်းနှစ်ယောက် သေချာမတွေ့ဖြစ်တာ လပိုင်းလောက်ရှိနေပြီဖြစ်သည်။ဆေးရုံအုပ်ရဲ့သားဖြစ်သူ ထက်ဥာဏ် ကတစ်ခါတလေ စည်းစိမ် ထက်တောင်အလုပ်ရှုပ်ပါသေးသည်။

နှစ်ယောက်သားစကားတပြောပြောဖြင့်လျှောက်လာကြရင်း ဆေးရုံကောင်တာနားမှာ တွေ့လိုက်ရသည့်ကောင်လေးကြောင့် စည်းစိမ် ထိုနေရာကိုခြေဦးလှည့်လိုက်မိသည်။

"ဘယ်သွားမလို့တုန်း"

"အသိတစ်ယောက်တွေ့လို့"

ထက်ဉာဏ် ကခေါင်းတဆတ်ဆတ်ညိမ့်ရင်း စည်းစိမ် အနောက်ကလိုက်လာသည်။

စည်းစိမ် တို့အနားရောက်သွားတော့ ကောင်လေးကလှည့်ကြည့်လာရင်း စည်းစိမ် ကိုတွေ့တဲ့အခါပြုံးသွားသည်။

"ဒေါက်တာ"

"အင်း၊ ကိစ္စတစ်ခုခုများဖြစ်လို့လား ညီ"

"အာ..မဟုတ်ဘူးဗျ၊ ကျွန်တော်အလုပ်လုပ်တဲ့ဆေးခန်းမှာ လိုတဲ့ဆေးလာဝယ်တာပါ၊ ဒီဆေးရုံကထုတ်တာလေ"

"ဪ.."

"ဒေါက်တာက ဒီမှာအလုပ်လုပ်တာလားဟင်"

"အစ်ကိုက စနေတနင်္ဂနွေဆိုရင် ဆေးရုံထိုင်ပါတယ်"

ကောင်လေးက ဪ ဟုရေရွတ်ကာ မျက်မှန်ဝိုင်းလေးကိုပင့်ရင်း ခေါင်းတဆတ်ဆတ်ညိမ့်သည်။

"အဒေါ်ရောသက်သာရဲ့လား"

"ဟုတ်ကဲ့၊ တော်တော်လေးသက်သာနေပါပြီ ဒေါက်တာ"

Your Command (pause)Where stories live. Discover now