"ဟုတ် ပျောက်တော့မယ် ဒေါက်တာ၊ မနာတော့ဘူး"

"သေချာပျောက်တဲ့အထိ ဆေးထည့်ဦး"

"ဟုတ်ကဲ့ဗျ"

"အင်းအင်း၊ ဒါဆို အစ်ကို့ကိုခွင့်ပြုဦး"

"ဟုတ်ကဲ့၊ ကားကိုဖြည်းဖြည်းမောင်းဦး ဒေါက်တာ"

"ကောင်းပါပြီဗျာ"

စည်းစိမ် စိတ်လိုလက်ရပြန်ဖြေပြီးတာနဲ့ ကားမောင်းထွက်လာခဲ့တော့သည်။

ကျန်နေခဲ့တဲ့ သံယောဇဉ် ကတော့ကားထွက်သွားသည်ကို ပြုံးကြည့်နေပြီးမှသာ စက်ဘီးပေါ်ပြန်တက်ဖို့သတိရပါသည်။

***********************************************

ရာရာ တို့အိမ်ရောက်သွားတော့ ဧည့်ခန်းထဲမှာလူစုံနေကြပြီး စည်းစိမ် ဝင်သွားတော့ဝိုင်းကြည့်လာကြသည်။အမေ့မျက်နှာက အနည်းငယ်ပျက်ယွင်းနေတယ်လို့တော့ စည်းစိမ် ထင်သည်။

"ကိုကို ဒီမှာလာထိုင်"

လက်ယက်ခေါ်နေတဲ့ ရာရာ့ဘေးနားမှာ စည်းစိမ် ထိုင်လိုက်တော့ ရာရာက လက်မောင်းကိုချိတ်လာသည်။

"ကဲ ကာယံကံရှင်မောင်ဘုန်းလည်းရောက်ပြီဆိုတော့ နောက်တစ်ခေါက်ထပ်ပြောကြတာပေါ့၊ ဒီလို မောင်ဘုန်းရေ"

"ဟုတ်ကဲ့"

"မောင်ဘုန်းနဲ့ရာရာ့ကို စေ့စပ်ပွဲလေးလုပ်ပေးမလို့ပါ"

ထင်မှတ်မထားတဲ့ကိစ္စမို့ စည်းစိမ် အံ့ဩသွားမိတာတော့အမှန်ပင်။အမေနဲ့အဖေကိုကြည့်လိုက်တော့ အဖေကပုံမှန်အတိုင်းပေမယ့် အမေ့မျက်နှာပျက်နေရခြင်းအကြောင်းအရင်းကိုသိလိုက်ရသည်။

"အဲ့ဒါ မောင်ဘုန်း ဘယ်လိုသဘောရလဲ၊ အန်တီကတော့ နေ့ကောင်းရက်သာတောင်ရွေးပြီးပြီ"

ဘေးနားက ရာရာ့ကိုကြည့်လိုက်တော့ စည်းစိမ် ကိုမျက်လုံးအဝိုင်းသားဖြင့်ကြည့်နေသည်။ဒီကောင်လေးက စည်းစိမ် ရဲ့ချစ်သူ၊ တစ်ချိန်မှာလက်ထပ်ကြမှာဆိုတော့လည်း စေ့စပ်ပွဲကကန့်ကွက်စရာရှိမနေပါ။

"ကျွန်တော့်သဘောဆိုရင်တော့ ငြင်းစရာမရှိပါဘူး၊ အဖေနဲ့အမေကရော"

Your Command (pause)Where stories live. Discover now