သံယောဇဉ် ကဆေးဆိုင်တစ်ခုမှာအလုပ်လုပ်တာဖြစ်ပြီး လစာကလည်းအသင့်အတင့်ကောင်းတဲ့ထဲမှာပါသည်။ဆယ်တန်းတုန်းက အမှတ်ကောင်းတဲ့ထဲပါသော်လည်း ဆေးလိုင်းတော့မတက်ခဲ့ရပါ။ရိုးရိုးတန်းတန်းဘွဲ့တစ်ခုယူပြီး အခုအချိန်မှာ မေမေ့ကို ပြန်လုပ်ကျွေးနေတာဖြစ်သည်။သံယောဇဉ်ရော ဖေဖေရောကြောင့် မေမေပင်ပန်းခဲ့တာများပြီမလား။မေမေ့ကို ပြီးပြည့်စုံတဲ့ဘဝတစ်ခုမှာ သူထားပေးချင်ပါသေးသည်။ထို့ကြောင့်လည်း အခုအချိန်မှာကြိုးစားနေတာဖြစ်သည်။အလုပ်ကနေအတွေ့အကြုံတွေယူပြီး တစ်ချိန်ကျ ကိုယ်ပိုင်ဆေးဆိုင်ဖွင့်ဖို့အထိပါ ရည်ရွယ်ထားပါသည်။
အရင်နေခဲ့တဲ့အိမ်က ဖေဖေရှိစဉ်ဆေးကုတုန်းက ယူထားခဲ့ရတဲ့အကြွေးတွေဆပ်နိုင်ဖို့ ရောင်းချပြီး သားအမိနှစ်ယောက်အိမ်သေးသေးမှာသာပြောင်းနေကြတာဖြစ်သည်။အိမ်ရောင်းရပြီးပိုတဲ့ငွေအနည်းငယ်ကိုတော့ သံယောဇဉ် ဘဏ်ထဲထည့်ထားသည်။ထိုငွေတွေက မေမေ့ကျန်းမာရေးအတွက်။မေမေကတော့ ထိုငွေတွေကို သူလိုအပ်တာသုံးလိုက်ဖို့ပြောပေမယ့် အတွေ့အကြုံရောရင်းနှီးဖို့ပါမလုံလောက်သေးတာမို့ သူမလုပ်ချင်သေးပါ။သို့သော် ပိုက်ဆံသေဖြစ်နေမယ့်အစား တခြားအရင်းအနှီးတစ်ခုခုလုပ်ဖို့တော့ သူတွေးရပါဦးမည်။
သုံးရက်လောက်နေလို့ မေမေမသက်သာသေးရင်တော့ ဆေးခန်းနောက်တစ်ခေါက်ထပ်ပြရမှာပင်။ဆေးခန်းဆိုတော့ အရပ်ရှည်ရှည်ဖြင့် သန့်ပြန့်ချောမောတဲ့ အမျိုးသားရဲ့ပုံရိပ်က သံယောဇဉ် ရဲ့အာရုံထဲတိုးဝင်လာခဲ့သည်။ထိုအမျိုးသားက ဆရာဝန်ဆိုတဲ့ဂုဏ်ပုဒ်နှင့် အတော်လေးလိုက်ဖက်ညီပါသည်။ရုပ်ရည်အစ အသံအဆုံး အကုန်ပြီးပြည့်စုံသည်။သံယောဇဉ် လည်းတစ်ချိန်က ဆရာဝန်ဖြစ်ဖို့ အိမ်မက်ရှိခဲ့တာမို့ အသက်ငယ်ငယ်ဆရာဝန်တွေကိုတွေ့တဲ့အခါ အားကျစိတ်ကပိုသည်။ထိုဆရာဝန်အပေါ်တော့ အားကျစိတ်အပြင် လေးစားစိတ်ပါကပ်ပါမိသေးသည်။သဘောလည်းကောင်းလွန်းသေးတာမလား။ဆေးခန်းရောက်တာနဲ့ ရောဂါတစ်ဝက်တန်းပြီး သက်သာစေမည့်ပုံစံမျိုး။
သံယောဇဉ် ခေါင်းတခါခါဖြင့်ပြုံးမိသည်။အမျိုးသားတစ်ယောက်အပေါ် သူချီးကျူးလွန်းနေမိပါလား။အင်း၊ တစ်ဖက်လူကလည်း ချီးကျူးမှုတွေနှင့်ထိုက်တန်တာထက်ပိုပါသည်။
Your Command-3
Start from the beginning
