"စေ့စပ်မယ် မေမေကြီး၊ မေမေကြီးက ကိုကို့မိဘတွေကိုပြောလိုက်၊ သားက ကိုကို့ကိုပြောလိုက်မယ်၊ အခုချက်ချင်း မေမေကြီး"

"အင်း စေ့စပ်ပွဲကို မေမေကြီး နေ့ကောင်းရက်သာပါ တစ်ခါတည်းရွေးလိုက်မယ်"

"ဟုတ်ကဲ့ မေမေကြီး"

အခရာ ပီပီပြင်ပြင်ပြုံးမိသည်။လက်ထက်တာမဟုတ်ပေမယ့်လည်း စေ့စပ်တယ်ဆိုတာက ကိုကို့ကို တစ်ဝက်ပိုင်ဆိုင်လိုက်ရသလိုမို့ အခရာ ပျော်ပါသည်။ဒီအကြံကို အရင်ကတည်းက ဘာလို့များမစဉ်းစားမိခဲ့ပါလိမ့်။

***********************************************

"မေမေ အဲ့ဒါဆို သားအလုပ်သွားတော့မယ်နော်"

"အေးအေး သားသား"

"အစားကိုသေချာစား​ ဆေးသောက်နော်မေမေ၊ ရေလည်းများများသောက်ဦး"

"အင်းပါ သားသားရယ်၊ စိတ်ချလက်ချ အလုပ်သွားပါ၊ စက်ဘီးကိုဂရုတစိုက်နင်း၊ အနာတရမရစေနဲ့၊ အနာတစ်ခုတောင်အရှင်းပျောက်သေးတာမဟုတ်ဘူး"

"ဟုတ်ကဲ့ပါ မေမေရဲ့၊ ဒါဆို သားသွားပြီနော်"

"အေးအေး"

ဘတ္ထရီဘီလေးပေါ်တက်ပြီး မေမေ့ကိုနှုတ်ဆက်ကာ သံယောဇဉ် အလုပ်ကိုဦးတည်ထွက်ခဲ့လိုက်တော့သည်။

မနက်ခင်းရဲ့လေပြည်က သံယောဇဉ် ရဲ့လှိုင်းတွန့်ဆံပင်တွေကို လူးလွန့်သည်အထိတိုက်ခတ်နေသည်။မနက်ခင်းလူရှင်းတဲ့အချိန် စက်ဘီးနင်းရတာကို သူအရမ်းသဘောကျပါသည်။အလုပ်နှင့်အိမ် အိမ်နှင့်အလုပ်သာဖြစ်နေတဲ့သူ့အဖို့ စိတ်လွတ်လက်လွတ်စက်ဘီးစီးရတဲ့အချိန်က အကောင်းဆုံးထဲကတစ်ခုဖြစ်သည်။သူ့စိတ်အပန်းပြေဖို့အတွက်အကောင်းတကာ့အကောင်းဆုံးကတော့ မေမေ့ရဲ့အပြုံးနှင့်စကားသံတွေပဲဖြစ်ပါသည်။

သံယောဇဉ် တို့သားအမိက သားအမိနှစ်ယောက်တည်းသာရှိတော့တာဖြစ်ပြီး သံယောဇဉ် ရဲ့လစာဖြင့်သာ သားအမိနှစ်ယောက်လုံးရပ်တည်နေကြတာဖြစ်သည်။မေမေက အပ်ထည်တွေလက်ခံပြီး တစ်နိုင်တစ်ပိုင်အထည်ချုပ်တဲ့အလုပ်လုပ်ပေမယ့် အခုလောလောဆယ်တော့ ကျန်းမာရေးကြောင့် အနားယူခိုင်းထားပါသည်။

Your Command (pause)Where stories live. Discover now