သူမရဲ့တစ်ဦးတည်းသောသားလေးက မွန်မြတ်တဲ့မွေးဖွားခြင်းဖြင့် မွေးဖွားလာတဲ့ကလေးမို့ လိုတရဖြစ်နေရမည်။ဖြစ်နေအောင်လည်း သူမကထားမှာပင်။မျက်နှာတစ်ချက်မညှိုးစေရ၊ မှဲ့တစ်ပေါက်မစွန်းစေရ။သားက တောက်ပပြီးကောင်းမွန်တဲ့ ဘဝကိုပိုင်ဆိုင်ရမည့် ကလေးတစ်ယောက်။အားလုံးရဲ့အထက်မှာရှိပြီး အမိန့်ပေးနိုင်တဲ့လူသာဖြစ်ရမည်။အခုအချိန် သူမကြိုးစားနေတာတွေမှန်သမျှကလည်း သားတစ်ယောက်တည်းအတွက်ချည်းသာ။
သူမ မရှိတော့တဲ့အချိန်အတွက် ရည်ရွယ်ပြီးလည်း သားအတွက် ဖြည့်ဆည်းပေးနိုင်မယ့်လူတစ်ယောက်ကို သူမရှာပေးထားသည်။ဘုန်းစည်းစိမ်ပြည့် ဆိုတဲ့အမျိုးသားငယ်က သားအတွက်သင့်တော်တယ်လို့ သူမထင်သည်။သားကလည်း ထိုအမျိုးသားငယ်ကိုပဲ လိုချင်ခဲ့တာမလား။ဘုန်းစည်းစိမ်ပြည့် လိုအမျိုးသားငယ်က သားကိုတစ်ဖတ်သတ် စွန့်ခွါသွားမည့်လူမဟုတ်မှန်း သူမတစ်ထစ်ချယုံကြည်သည်။ထို့ကြောင့်လည်း သားအတွက်စိတ်ချမိတာပင်။
ပိုပြီးစိတ်ချရအောင်တော့ သူမတစ်ခုခုစီစဉ်ဦးမှပါလေ။
"ရာရာ"
"ဗျာ"
"မောင်ဘုန်းနဲ့သား အေးဆေးပဲမလား"
"အေးဆေးပါပဲ မေမေကြီး၊ ဘာဖြစ်လို့လဲဟင်"
"မေမေကြီး စဉ်းစားမိတာတစ်ခုရှိလို့"
"ဘာများလဲ မေမေကြီး"
"သားတို့နှစ်ယောက်ကို စေ့စပ်ပေးထားရင် ကောင်းမလားလို့လေ၊ ရာရာ ဘယ်လိုသဘောရလဲ"
မေမေကြီးကို အခရာ ကြည့်နေမိတော့ မေမေကြီးထပ်ပြောလာသည်က
"မောင်ဘုန်းက အစစအရာရာပြည့်စုံတဲ့အမျိုးသားတစ်ယောက်လေ၊ လိုချင်တဲ့လူတွေလည်းပုံနေမှာပဲ၊ မောင်ဘုန်းကစိတ်ချရပေမယ့် တခြားလူတွေကစိတ်မချရတာမို့ ရာရာ တံဆိပ်ကပ်ထားလိုက်သင့်တယ်လို့ မေမေကြီးတော့ထင်တယ်"
အခရာ့ ရဲ့မျက်ခုံးညိုလေးတွန့်ချိုးသွားပြီး အောက်နှုတ်ခမ်းကိုအသာဖိကိုက်လိုက်သည်။ကိုကို့ကို တခြားလူကယူသွားမယ်လို့ တွေးကြည့်လိုက်တာနဲ့တင် အခရာ ဒေါသထွက်လွန်းလို့ ရူးသွားနိုင်သည်။ဘုန်းစည်းစိမ်ပြည့် ဆိုတဲ့အမျိုးသားကို ဟိုးအရင်ကတည်းက အခရာ ပဲပိုင်လာခဲ့တာလေ။အခုမှ ကိုကို့ဆီ လာနွယ်တဲ့အပင်ရှိလာခဲ့ရင် အမြစ်ကနေခုတ်ပေးလိုက်ပါမည်။
Your Command-3
Start from the beginning
