အခန်း- ၂ U/Z

62 19 1
                                    

(Unicode)

စက်ဘီးလက်ကိုင်ကို ဂရုတစိုက်ထိန်းရင်း
စက်ဘီးနောက်ထိုင်ခုံပေါ်တွင် အောက်သို့ပြုတ်မကျအောင်
မျှော့ကြိုးနှင့်တွဲချည်ထားသည့် ဆွဲခြင်းအတွင်းရှိ
ပစ္စည်းတစ်ချို့ကိုတွေးမိလေတော့ သူ၏ခပ်ထူထူနှုတ်ခမ်းတစ်စုံဟာ အထက်သို့ပိပိရိရိ
ကွေးတက်သွားလေသည်။အရွယ်နှင့်မလိုက်အောင်
ထွားကြိုင်းသည့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေရာ
ဝတ်ထားသည့်စွပ်ကျယ်အင်္ကျီလက်အောက်မှ
လက်မောင်းကြွက်သားတွေသည် ဖောင်းကြွလျက်ရှိပြီး
စက်ဘီးကိုရှေ့သို့တစ်ချက်နင်းတိုင်း တစ်ချက်တစ်ချက်
ပေါ်လာတတ်သည့် ပေါင်သားနှင့်ခြေသလုံးသည်
တုတ်ခိုင်သန်မာမှန်း အဝေးမှလှမ်းကြည့်လျှင်ပင်
သိသာထင်ရှားပေ၏။

တဖြည်းဖြည်းနှင့် မိမိနေအိမ်ရှိရာရွာတောင်ပိုင်းဝင်ချိန်တွင်
သူသည်ခြေနင်းတံကိုအရှိန်တင်နင်းလေတော့သည်။
မိုးပိုင်းတုန်းက ရေတိုက်စားထားသည့်လမ်းသည်
ပြုပြင်ထားသဖြင့် ဖြောင့်ဖြူးလျက်ရှိသော်လည်း
ဖုန်ထူလေသည်။နွေရာသီရောက်လျှင်ဖြင့်
ဖုန်ထူခြင်းအမှုသည် ပိုဆိုးလေပေရော့မည်။
ဟိုဟိုသည်သည်တွေးရင်း ရှေ့မှလာနေသည့်လှည်းတစ်စီးကို
မြင်တော့ စက်ဘီးကိုအရှိန်လျှော့ရင်းဘေးချရပ်လိုက်၏။
လမ်းကျဥ်းသည့်အပြင် လှည်းပေါ်မှလူသည်
မိမိ၏အိမ်နီးချင်းငယ်သူငယ်ချင်းလည်း ဖြစ်လေသည်မို့။
လှည်းပေါ်မှလူသည် စက်ဘီးနှင့်သူ့ကိုမြင်တော့
ရယ်မောကာခေါင်းတစ်ချက်ဆတ်ပြလာရင်း

''ပြန်ခဲ့တော့တာပေါ့လေ အဲ့ဒါ"

''အေး...ပြန်ခဲ့လို့မင်းမြင်တာမဟုတ်ဘူးလားဟ
အပိုတွေလာမေးနေတယ်"

''မင်းမေးလိုက်ရင် အဲ့တိုင်းချည်းပဲ...ပြန်ခဲ့ပြီဆိုပြီးပြီလေ အလကားရတဲ့လေကို ချွေတာချင်မနေစမ်းနဲ့ ကတုံးရာ"

အမှန်ပင်စက်ဘီးနှင့်လူရွယ်သည် ကတုံးနာမည်ပြောင်ဖြင့်
ညီလင်းစျာန်ဖြစ်လေသည်။ဘယ်မျက်ခုံးအလယ်မှ
ဖြတ်လျက်ရှိသောအနာရွတ်သည် အရွယ်ရောက်လာချိန်
ပါးလျဖျော့တော့သွားသော်ငြား သိသာလျက်ရှိသေး၏။
ငယ်စဥ်ကအမြဲတစေ ရိတ်သင်ထားတတ်သော
စိမ်းလဲ့လဲ့ဦးခေါင်းသည် ယခုတွင်တစ်လက်မပင်မရှိသော
တိုနှံ့နှံ့ဆံပင်တွေနှင့်ပင်။ထို့အပြင် ဂျစ်ကန်ကန်စရိုက်၊ခပ်ထေ့ထေ့မျက်နှာပေးနှင့် တဇွတ်ထိုးလုပ်တတ်
သည်မှာလည်း ငယ်စဥ်ကအတိုင်းမပြောင်းမလဲသာ။

နွေဦးလက်ဆောင်Tahanan ng mga kuwento. Tumuklas ngayon