သူ အမြဲဝတ်နေကျအဝတ်အစားမှာ များများစားစားမရှိချေ။ ထိုအားကစားဝတ်စုံ လေးငါးစုံကိုသာ အပြန်ပြန်အလှန်လှန် ဝတ်လေ့ရှိပြီး အားလုံးကို လုံးထွေးလိုက်သော် ကျောပိုးအိတ်အပြည့်စာ အတော်ပဲ ဖြစ်သွားသည်။

အဝတ်ဗီရိုတံခါးကို ပိတ်လိုက်ပြီးနောက် သူသည် ခုတင်ဘေးတွင် ရပ်၍ အတော်ကြာတောင် အတွေးထဲ မြောနေ၏။

တခြား ဘာထပ်ယူဖို့ ရှိသေးလဲ။

မရှိတော့လောက်ဘူးထင်တာပဲ။

သူသည် အိတ်ကပ်ထဲက ပိုက်ဆံအိတ်နှင့်ဖုန်းကို စမ်းကြည့်လိုက်ပြီးနောက် ကျောပိုးအိတ်ကို လွယ်ကာ အခန်းထဲမှ ထွက်လာပြီး တံခါးပိတ်၍ အောက်ထပ်ကို ဆင်းလာခဲ့သည်။

ဧည့်ခန်းထဲတွင် ဘယ်သူမှ မရှိနေသလို တီဗွီလည်း ပိတ်လျက်သားဖြစ်ကာ အထီးကျန်ဆန်နေသယောင်။

ပျန်းနမ် ထမင်းစားခန်းဘက်သို့ တစ်ချက်ကြည့်လိုက်တော့ အန်တီက စားပွဲအပြည့်ခင်းထားသော အငွေ့တထောင်းထောင်းထနေသေးသည့်ဟင်းပွဲများကို မျက်နှာမူ၍ စားပွဲဘေးတွင် ငိုင်နေသည်။

သူ့ခြေသံကို ကြားတာတောင် တုပ်တုပ်မှ မလှုပ်ချေ။

ပျန်းနမ် နှုတ်ခမ်းကို ကိုက်ပြီး ဖိနပ်လဲလိုက်ကာ ဧည့်ခန်းကော်ရစ်ဒါ၏ဘေးတံခါးကို ဆွဲဖွင့်၍ ကားဂိုဒေါင်ထဲ ဝင်လိုက်သည်။

သူသည် ကားဂိုဒေါင်တွင် မိနစ်အတော်ကြာအောင် ရပ်နေမိ၏။ သူ့တွင် အရင် အပြတ်ရှင်းလင်းဖို့ လိုသော အရေးကြီး ကိစ္စတစ်ခု ရှိသည်။

ချိုးယိက သူ့အား ကော်ဖီဆိုင်တွင် စောင့်နေဆဲဖြစ်သည်။ သူသာ အခု ကျောပိုးအိတ်လွယ်လျက်သားဖြင့် 'ငါ အိမ်ကနေ မောင်းထုတ်ခံလိုက်ရပြီ' ဟုသာ ချိုးယိအား သွားပြောပြလျှင် ချိုးယိနှင့်အတူ အိမ်ပြန်လိုက်သွား၍ ရသွားပြီဖြစ်သည်။

ချိုးယိ၏ လောလောဆယ် စိတ်ခံစားချက် ဘယ်လိုမျိုးဖြစ်နေမလဲဆိုတာ သူ မသိပါ။ ဤကိစ္စကြောင့် မိမိ အိမ်ကနေ ထွက်လာရသည်ကိုသာ ချိုးယိ မြင်သွားလျှင် စိတ်ထဲ ဘယ်တွေးမလဲဆိုတာလည်း မသိနေချေ ...... ဤအခြေအနေကို ချိုးယိ ကြိုတင် ခန့်မှန်းမိမှာ မဟုတ်လောက်ပေ။

《Wolf pair》- ဘာသာပြန်Where stories live. Discover now