"မဟုတ်တာ၊ ကျွန်တော်လည်း လမ်းကွေ့ကိုအလောတကြီးထွက်လာမိတာပါ"
"တံတောင်ပွန်းသွားတာလား"
"နည်းနည်းပါ"
ကောင်လေးရဲ့တံတောင်ဆစ်ဖြူဖြူမှာ သွေးစနီနီကထင်းနေသည်။
"ထူပေးမယ်နော်၊ ခြေထောက်တွေဘာတွေရောထိသွားသေးလား"
"မထိပါဘူး၊ အစ်ကို့ကားနဲ့လည်းမထိမိဘူး၊ ကျွန်တော့်ဘာသာလန့်ပြီး လဲကျသွားတာပါ"
ဘာပဲဖြစ်ဖြစ် ကိုယ့်အပြစ်မကင်းတာမို့ စည်းစိမ် ကောင်လေးကို သေချာမထူပေးပြီး စက်ဘီးကိုလည်းသေချာလေးထူပေးလိုက်သည်။
"တံတောင်ကအနာအတွက် ဆေးပေးခဲ့မယ်၊ အခုက အလျင်လိုနေလို့ပါ၊ ဆေးသေချာလေးထည့်လိုက်နော်"
ကားထဲကိုဝင် ဆေးသေတ္တာထဲက ပက်တီးနှင့်လိမ်းဆေးယူပြီး ကောင်လေးကိုပေးလိုက်တော့ အားနာဟန်ဖြင့်ယူသည်။
"ကျေးဇူးပါ၊ ဒါနဲ့ ဆေးပစ္စည်းတွေကို ဒီလိုမျိုးဆောင်ထားနေကျလားဗျ"
"အစ်ကိုက ဆရာဝန်မို့လို့ပါ၊ ဒါဆို အစ်ကို့ကိုခွင့်ပြုပါဦး၊ တကယ်အလျင်လိုနေလို့"
"ဟုတ်ကဲ့ ရပါတယ်ဗျ"
ကားပေါ်ပြန်တက်ပြီး မှန်တံခါးကိုချကာ ကောင်လေးကိုပြုံးပြနှုတ်ဆက်လိုက်တော့ ပြန်ပြောလာသည်က
"ဘယ်လောက်ပဲအလျင်လိုလို ကားကိုဂရုစိုက်ပြီးမောင်းပါဗျ၊ ဆရာဝန်တစ်ယောက်ရဲ့အသက်က လူနာပေါင်းများစွာရဲ့အသက်နဲ့ညီမျှလို့လေ"
စည်းစိမ် ခေါင်းအသာညိမ့်ပြရင်း ပြုံးပြပြီးသာ ကားမောင်းထွက်လာခဲ့လိုက်သည်။ကောင်လေးပြောတာလည်း မမှားပါပေ။
***********************************************
"ဖြည်းဖြည်းကပ်စမ်းပါ!"
အိမ်ထဲဝင်ဝင်ချင်း ကြားလိုက်ရတဲ့အော်သံကြောင့် စည်းစိမ် ထမင်းစားခန်းထဲအမြန်ပြေးဝင်သွားလိုက်သည်။
"ရာရာ"
"ကိုကို!"
စည်းစိမ် ကိုတွေ့သွားတဲ့ကောင်လေးက အသံစူးစူးဖြင့်ခေါ်လာပါသည်။
Your Command-1
Magsimula sa umpisa
