ပျန်းရှင်းယွီတစ်ယောက် အလုပ်များသည့်ဒဏ်ကြောင့်ထင်သည်၊ သူနှင့် အခြားကောင်မလေးနှစ်ယောက် နားနေခန်းဘက် လျှောက်သွားသည့်အချိန်တွင် ခြေလှမ်းတောင် အနည်းငယ် နှေးကွေးနေကြတာကို ချိုးယိ တွေ့လိုက်ရသည်။ မနက်ခင်း စရောက်လာချိန်တုန်းက ဖျတ်လတ်တက်ကြွစွာ လမ်းလျှောက်ခုန်ဆွနေဟန်က ဘေးနားကဖြတ်သွားလျှင် လေတိုက်သလိုတောင် လွင့်ခနဲဖြစ်နေသေးသည်။

ဒီသူဌေးသမီး မမလေးတော့ ဒီညနေကို တောင့်ခံလို့ပြီးသွား၍ အိမ်ပြန်ရောက်ပြီး အနားယူလိုက်ပြီးလျှင် မနက်ဖြန် မလာတော့လောက်ဟု ချိုးယိ ခန့်မှန်းလိုက်သည်။

ဤကဲ့သို့ လေးငါးနာရီလောက်ဆက်တိုက် ခေါက်တုံ့ခေါက်ပြန် သွားလာရခြင်း၊ မတ်တတ်ရပ်ခြင်းကဲ့သို့သော ပင်ပန်းမှုဟူသည် အလုပ်လုပ်နေတုန်းမှာ အံကြိတ်ပြီး သည်းခံလိုက်လျှင် ဘာခံစားချက်ကြီးကြီးမားမားမှ မရှိနိုင်ဘူးဆိုသော်ငြား ခဏလောက် နားလိုက်ပြီး၍ တင်းထားသမျှ ဖြေလျှော့လိုက်ပြီးနောက်ပိုင်းတွင်မှ ခံရအခက်ဆုံးအချိန်ဖြစ်သည်။ သူ စစလုပ်ချင်းတုန်းက အနည်းဆုံး လတစ်ဝက်ခန့်လောက် နေ့တိုင်း မလုပ်ချင်တော့တဲ့စိတ် ဖြစ်ခဲ့ရသည်။

ချိုးယိ အဝတ်လဲခန်းတွင် အဝတ်လဲလိုက်ပြီး ဝန်ထမ်းခေါင်းဆောင်အား တစ်ချက်ပြောလိုက်ပြီးနောက် ထွက်သွားဖို့အလုပ်တွင် ရှောင်းမန့်နှင့် ဆုံသည်။

"ပြန်ဖို့ လောနေသလား။ မလောရင် စကားနည်းနည်းပြောကြမယ်လေ"

ရှောင်းမန့်က သူ့ကို ခေါ်၍ တားလိုက်သည်။

"အင်း"

ချိုးယိက ရှောင်းမန့်နှင့်အတူ ဒုတိယထပ်သို့ တက်သွားပြီး ဝရံတာပါသော သီးသန့်ခန်းတစ်ခန်းထဲကို ဝင်သွားသည်။

ရှောင်းမန့်က ဝန်ထမ်းတစ်ယောက်ယောက်နှင့် စကားပြောဆွေးနွေးဖို့ဆိုလျှင် ရုံးခန်းကို ခေါ်တာက ရှားသည်။ များသောအားဖြင့် အသုံးမပြုနေသော သီးသန့်ခန်းကိုသာ သုံးသည်။ ဒီလိုဆိုလျှင် အားလုံးလည်း အနည်းငယ် ပို၍စိတ်ပေါ့ပါးသည်ဟု ဆိုသည်။ ရုံးခန်းဆိုလျှင် တည်တည်ခံ့ခံ့ဆန်သည်ဟူသတတ်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now