"ညွှန်း တို့ဒီည လာအိပ်မယ်နော်"
"ရတာပေါ့စံကားဝါ၊ ဒါနဲ့ ဟိုရက်ကငှါးလိုက်တဲ့အခွေ ကြည့်ကောင်းရဲ့လား"
"အို ရယ်နေရတာပါပဲ"
"ဟန်လေးလည်း ကြည့်ချင်တဲ့အခွေရှိရင် ညွှန်းဆီသာသွားရှာ၊ အခွေတွေမှအထပ်လိုက်ကြီးကွယ်"
"ညွှန်းနဲ့ အိပ်နေကျလား"
"ပြောရရင် ခဏတိုင်းပါပဲ၊ တို့အိမ်နဲ့အဆင်မပြေလို့ပါ၊ ဖေဖေကမေမေဆုံးပြီးဘယ်လောက်မှမကြာဘူး နောက်မိန်းမယူတယ်လေ၊ အဲဒီအမျိုးသမီးနဲ့ တို့နဲ့ ဘယ်မှညှိမရပါဘူး ဟန်လေးရယ်"
"နောက်ဆို ကျွန်တော်နဲ့လာအိပ်လည်းရ.."
"ပြန်စို့စံကားဝါ"
"အခုလားညွှန်း"
"ကျွန်မစျေးနှုန်းတိပ်တွေကပ်စရာရှိတယ်"
"လာပြီလာပြီ၊ တို့ပြန်ပြီနော် စောစောအိပ်ကလေး"
ကုတင်ပေါ်မှထကာ ညွှန်းကဦးဆောင်ထွက်သွားလေ၏။ စံကားဝါဖြင့် ပြေးလိုက်တာတောင်မမှီ။ ပြီးတော့ စံကားဝါ့ကိုသနားစိတ်ဝင်မိပါ၏။ မိထွေးတိုင်းတော့မဟုတ်ပေမဲ့ များသောအားဖြင့်က အပေါက်ဆိုးတဲ့သူတွေချည်းလေ။ စံကားဝါ့လိုလူနဲ့တောင် ညှိမရမှတော့ ထိုမိန်းမအတော်ဆိုးပုံရပါ၏။
****************************
"ဟန်ရေ ဟန်လေး သမီး၊ ဘပုံခေါ်နေတယ်"
မေမေ့ရဲ့အဆက်မပြတ်ခေါ်သံကြောင့် အိပ်မှုံစုံမွှားဖြင့်တံခါးပြေးဖွင့်ရသည်။ နာရီကိုကြည့်တော့ခြောက်နာရီပင်မထိုးသေးပေ။
"ဟုတ် မေမေ"
"ဘပုံကခဏတဲ့ကွဲ့၊ မျက်နှာသစ်၊ အဝတ်လဲပြီး သွားချေဦး"
ဗီရိုကိုဖွင့်ရင်း စီရီနေတဲ့အဝတ်လေးတွေကိုမြင်တော့ ရှင်းလင်းပေးသူ ညွှန်းကိုသတိရမိပါ၏။
"မေမေ တီတီငယ်ရော"
"မီးဖိုခန်းထဲမယ်လေကွယ်၊ လက်ဖက်ရည်ရှိတယ် သွားသောက်ဦး"
"မြေး"
"ဟုတ် ဘ"
"ဒီကိုလာဦး"
ဘပုံဘေးမှာလည်း မြန်မာစာအုပ်တွေအထပ်လိုက်ကြီးပင်။ မနေ့ကတွေ့တဲ့ကျောင်းသားလေးတွေလည်း ဘေးမှာရှိပါသေး၏။
VOCÊ ESTÁ LENDO
ချစ်ပါရစေ ပုလဲသွယ်