ကျဉ်းမြောင်းလှသော အခန်းလေးတစ်ခုထဲတွင် မီးရောင်မှိန်ပျပျသာ ရှိနေပြီး စာရွက်အဟောင်းများ၏ အနံ့ကို ရနေသည်။

လင်ယဲ့က တံခါးတွင်ရပ်နေပြီး အခန်းထဲကို လှမ်းကြည့်လိုက်သည်။

ရှုပ်ပွနေသည့် စားပွဲကြီးတစ်ခု၏ရှေ့၌ ဒူးထောက်နေသော လူငယ်လေးက အနီရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး ခေါင်းကိုငုံ့ထားသည်။ သူ၏ တုန်ယင်နေသည့်လက်များဖြင့် စုတ်တံကိုကိုင်ထားပြီး စာရွက်ပေါ်တွင် တွန့်လိမ်နေသည့် စာလုံးများကို ရေးခြစ်နေသည်။

တံခါးဖွင့်သံကြားသည့်အခါ ခေါင်းပင်မော့မကြည့်ဘဲ အလိုမကျသည့်အသံတစ်ခု ပြုလိုက်သည်။

" ဒီတိုင်းပဲ ဆက်ကူးရေးရမယ် ဆက်ရေးနေမှရမယ်... ငါ ပျင်းနေလို့ မဖြစ်ဘူး..."
ရှန်းလျိုရှန့်က အားတက်သရောမရှိလှသည့်အသံလေးဖြင့် ပြောလိုက်သည်။
လင်ယဲ့ ငြိမ်သက်နေဆဲဖြစ်ပြီး ခဏအကြာတွင် ကြမ်းပေါ်၌ ထိုင်ချလိုက်သည်။

အသံကြားသည့်အခါ ရှန်းလျိုရှန့် ခေါင်းမော့ကြည့်လိုက်ပြီး သူ၏ ဇာမဏီမျက်ဝန်းထဲတွင် အံ့ဩတကြီးဖြစ်သွားသည့် အမူအရာမျိုး ပေါ်လာသည်။
" ရှစ်ရှုန်း ပြန်လာပြီ..."

လင်ယဲ့ ဤမြင်ကွင်းကို ပြန်အမှတ်ရသွားမိသည်။

တစ်ခါက လင်ယဲ့ ခရီးထွက်သွားစဉ်တွင် ရှန်းလျိုရှန့်က အပြစ်ကျူးလွန်းခဲ့သောကြောင်း ဂိုဏ်းချုပ်က ဤအခန်းကျဉ်းလေးထဲတွင် ဂိုဏ်းစည်းကမ်းများကို အကြိမ်တစ်ရာခန့် ကူးရေးခိုင်းခဲ့ဖူးသည်။ အားလုံးကို မရေးပြီးမချင်း ထွက်သွား၍ မရပေ။

" မင်း ကြွေပန်းအိုးတစ်အိုးကို ခွဲလိုက်တယ်လို့ ငါကြားတယ်..."
လင်ယဲ့က အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပြီး အိမ်မက်ဆိုးသားရဲ ပုန်းအောင်းနေမည့်နေရာကို မှန်းဆကြည့်ပြီးနောက် ထိုင်ချလိုက်သည်။

ထိုအကြောင်းကြားသည့်အခါ ရှန်းလျိုရှန့်၏ စိတ်အားတက်ကြွမှုများ ပျောက်ဆုံးသွားပြီး ခေါင်းငိုက်စိုက်ကျသွားသည်။
" ကျွန်တော် တမင်လုပ်တာ မဟုတ်ဘူး..."

သူ စုတ်တံကို ချထားလိုက်ချိန်၌ သူ၏ ဖြူဖွေးသွယ်လျသော လက်ချောင်းများတွင် ဒဏ်ရာအနာတရအချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။ လက်နှစ်ဖက်လုံးက ဖူးယောင်နေပြီး ကြည့်ရသည်မှာ အလွန်ထိတ်လန့်စရာ ကောင်းလှသည်။

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now