ချိုးယိ ရေခွက်ကောက်ကိုင်ကာ ရေတစ်ငုံ ယူသောက်လိုက်ပြီး ပျန်းရှင်းယွီ အစားအသောက်မှာယူနေတာကို ကြည့်နေသည်။

"ပြီးပြီ"

ပျန်းရှင်းယွီ အစားအသောက် မှာပြီးနောက် မီနူးစာအုပ်ပိတ်ကာ ရယ်ရင်း -

"မှာလိုက်တာတွေအားလုံးက သူတို့ဆိုင်က ချက်ထားတာ ပိုစားလို့ကောင်းတဲ့ဟာတွေချည်းပဲ"

"နင်ကြိုက်ရင် ပြီးတာပါပဲ"

ချိုးယိ ခေါင်းညိတ်ရင်း ပြောသည်။

"တကယ်တော့ ငါဘယ်လောက်မှ သိပ်မစားနိုင်ဘူး။ နင်ပဲ အဓိက စားရမှာနော်။ ငါ ဝိတ်လျှော့နေတာ"

ပျန်းရှင်းယွီ တစ်လျှောက်လုံး ပြုံးရယ်နေခဲ့သည်။

"နင် မဝပါဘူး"

ချိုးယိ သိလိုက်ရသည်မှာ ပျန်းရှင်းယွီရဲ့မျက်လုံးတွေက ပျန်းနမ်နဲ့ တော်တော်ဆင်သည်။ ချိုးယိ မျက်လုံးပင့်ကာ ပျန်းနမ်ဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်၏။ ပျန်းနမ်လည်း ဒီဘက်ကို ကြည့်နေရာ ချိုးယိရဲ့အကြည့်ကို မြင်လိုက်တာနဲ့ အလျင်အမြန် မျက်နှာလွှဲသွားသည်။

"ကျေးဇူး"

ပျန်းရှင်းယွီ မေးထောက်ထားရင်း အပြုံးဖြင့် သူ့အား ကြည့်နေကာ -

"ဒီနေ့ နင်ငါ့ကို တစ်ခုခုထွက်စားဖို့ ခေါ်လိမ့်လို့ တကယ်မထင်ထားဘူး"

"ကျေးဇူးတင်တဲ့အနေနဲ့ပဲ ဆိုပါတော့"

လက်ကောက်ဝတ်တွင်ပတ်ထားသော လက်ကောက်ကို ချိုးယိ ကြည့်လိုက်သည်။

"ကျေးဇူးတင်တဲ့အနေနဲ့တင်ပဲလား"

ပျန်းရှင်းယွီ နှုတ်ခမ်းစူလိုက်ပြီး -

"ငါသိလိုက်ရတာကလေ နင်ဟာလေ မိန်းကလေးတစ်ယောက်ကို အလိမ်အညာစကားတောင် ပြောဖို့ပျင်းတဲ့သူပဲ"

"ညာနေမှန်း သိလျက်သားနဲ့ နားထောင်ချင်သေးတာလား"

ချိုးယိ ရယ်လျက် ပြောသည်။

"နားထောင်ချင်တယ်လေ။ အနည်းဆုံးတော့ နားထောင်ရတာ စိတ်ချမ်းသာတယ်"

《Wolf pair》- ဘာသာပြန်Where stories live. Discover now