Chapter - 33

Mulai dari awal
                                    

"တကယ်လို့ မင်းသာ မင်းခြေထောက်ကို ရိုက်ချိုးလို့ ငါ့ကို လာရှာတာလို့ ပြောလိုက်ရင် ငါ သေချာပေါက် အဲဒီမှာပဲ မလှုပ်မရှား ရပ်နေမှာ"

"အိပ်တော့"

ချိုးယိက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဆက်၍ -

"အရမ်း အရမ်း အရမ်း အိပ်ငိုက်လို့ ကျောင်းမပြန်ချင်ဘူးလို့ မင်းပဲ ပြောတာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ အခုကျတော့ ဒီလောက်တောင် နိုးကြားတက်ကြွနေတာလဲ"

"ခင်ဗျားရဲ့ ဟိုမျက်မှန်က ရယ်ရလို့ အိပ်ချင်စိတ်တွေ ပျောက်သွားတာ"

ပျန်းနမ်က တဟေးဟေးရယ်လိုက်ပြီးနောက် စကားထပ်မပြောတော့ချေ။

ချိုးယိသည် မိမိမှာ မအိပ်ခင်အချိန်တွင် လေအေးပေးစက်အပူချိန်ကို ၂၆ ဒီဂရီ ထားလိုက်မှန်း သေချာနေသည့်တိုင် ညလယ်ခေါင်တွင် ပျန်းနမ်၏လက်မောင်းရိုက်ချက်ကြောင့် လန့်နိုးလာရပြန်သေးသည်။

ပျန်းနမ်မှာ မီးဖိုတစ်ခုပမာ သူ့ကျောနောက်တွင် လာကပ်နေပြီး လက်မောင်းကိုတော့ သူ့ခါးပေါ်တွင် လာတင်ထားသည်။

သူသည် လက်နောက်ပြန်ပို့ပြီး ပျန်းနမ်ကိုယ်ပေါ်ကို စမ်းကြည့်လိုက်ရာ တဘက်စောင်ကလေးကိုတော့ ခြုံထားဆဲပင်။ ချိုးယိသည် သဘောမပေါက်နိုင်စွာပင် လေအေးပေးစက်ပေါ်ရှိ နံပါတ်ကို တစ်ချက်ကြည့်လိုက်ပြန်သည်။ ၂၆ ဒီဂရီမှန်း သေချာသွားသည်နှင့် ပျန်းနမ်ကို တွန်းထုတ်လိုက်လေ၏။

အလွန့်အလွန်ခက်ခဲစွာပင် အိပ်မက်ရွာသို့ နောက်တစ်ကြိမ်ပြန်လည်ဝင်ရောက်သွားကာ ရှန်းထောင်းနှင့်အတူ နှစ်ယောက်သားတို့ မှိုသွားခူးသည်ဟု အိပ်မက်မက်၏။ ပေါတောတောဖြစ်လိုက်တာဟု တွေးနေဆဲတွင်ပင် သူ့ခါးကို တစ်ယောက်ယောက် လာဖက်လိုက်သည်ဟု ခံစားလိုက်ရလေသည်။

သူသည် မှိုဆက်ခူးနေရင်းတွင်ပင် အခြားတစ်ဖက်၌ လက်ဆန့်ထုတ်ကာ သူ့ခါးပေါ်ကိုသူ တစ်ချက်စမ်းကြည့်လိုက်ရာ ပျန်းနမ်၏လက်မောင်းကို စမ်းမိလိုက်သည်။

သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ မှိုပဲ ခူးတာပေါ့လေ။

《Wolf pair》- ဘာသာပြန်Tempat cerita menjadi hidup. Temukan sekarang