ပျန်းနမ် အိမ်ပြန်လာတိုင်း သူ့အတွက် လှုပ်ရှားသွားလာစရာအဝန်းအဝိုင်းမှာ သူ့အိပ်ခန်းသာ ဖြစ်သည်။ ထမင်းစားရန်မှလွဲ၍ သူသည် အခန်းအပြင် ထွက်စရာမလိုလျှင် ထွက်ကို မထွက်ပေ။ ဂိမ်းဆော့သည်၊ သို့မဟုတ်လည်း ရုပ်ရှင်ကြည့်သည်။ အလွန်ဆုံးမှ တစ်ခါတလေ နောက်ဖေးဝင်းခြံထဲတွင် လူမရှိလျှင် သူ ခြံထဲ ခဏသွားနေတတ်သည်။

သို့သော် ပြီးခဲ့သည့်နှစ်တွင် ပျန်းရှင်းယွီက နောက်ဖေးဝင်းခြံထဲတွင် ဒိုဘာမင်ခွေးတစ်ကောင် မွေးမြူလိုက်သည်။ ကြည့်လိုက်လျှင် အလွန်ဆိုးသွမ်းကြမ်းကြုတ်ပုံ ပေါ်သည်။ သို့သော် အနှီခွေး၏ အကြီးမားဆုံး ဝါသနာမှာ လူတွေ့သည်နှင့် လျှာဖြင့်လျက်ခြင်းဖြစ်သည်။ ပျန်းနမ်တစ်ယောက် နောက်ဖေးဝင်းခြံထဲ သွားနေချိန်များတွင် တစ်ဝက်ခန့်သောအချိန်မှာ ထိုခွေး၏လျှာကို ရှောင်တိမ်းနေရသည်။ ဂရုမပြုမိသည်နှင့် လက်မောင်းကို ဖမ်းပြီး မျက်နှာကို လာလျက်တော့သည်။

ပျန်းနမ်မှာ ခြံထဲတွင် ဘယ်လောက်မှ အချိန်ကြာကြာ မနေရသေးမီ အလျက်ခံရလွန်းသဖြင့် အိမ်ထဲ ပြန်လာရသည်။ မွန်းကျပ်ကျပ်ဖြင့် တစ်နာရီခန့် Landlord ဆော့လိုက်၏။ အိမ်၏ အိမ်အကူအန်တီ တက်လာပြီး အခန်းတံခါးလာခေါက်တော့မှ သူသည် အောက်ထပ်ဆင်းပြီး ထမင်းသွားစားသည်။

အိမ်၌ ထမင်းစားချိန်တွင် သူသည် များသောအားဖြင့် ဘာစကားမျှ ဝင်ပြောလေ့မရှိချေ။ သူ့ကို တိုက်ရိုက် အမေးရှိလာသည်မှလွဲလျှင် သူသည် ခေါင်းငုံ့ပြီး စားစရာရှိသည်ကိုသာ စားသည်။

ငယ်စဥ်ကတည်းက ကျောင်းတွင် နေလာခဲ့သည်။ ထို့ကြောင့် အိမ်၏ထမင်းစားပွဲပေါ်မှ စကားအကြောင်းအရာများကို သူလည်း ဝင်ရောက်ပြောဆိုနိုင်စွမ်း မရှိပေ။ အကြောင်းအရာများမှာ များသောအားဖြင့် သူ့အဖေ၏ အလုပ်အကြောင်း ကိုယ့်ဘာသာကိုယ်အကျဥ်းချုပ်ခြင်း၊ ပျန်းရှင်းယွီ၏ တစ်ပတ်တာအကျဥ်းချုပ်နှင့် နွဲ့ဆိုးပတ်ချွဲမှု၊ အန်တီ၏ ဖြည့်စွက်မှု အစရှိသဖြင့်။ ပျန်းဟောက်ကတော့ သူနှင့် ထူးမခြားနားပင်။ စကားနည်းသည်။ သို့သော် ရံဖန်ရံခါ အကြည့်ချင်း ကြုံဆုံကြသည့်အချိန်မျိုးတွင် အကယ်၍ လူတစ်ယောက်မှ မရှိနေလျှင် ပျန်းဟောက်သည် ထမင်းစားပွဲပေါ်မှ ဟင်းများအားလုံးကို သူ့မျက်နှာပေါ် လာပစ်ပေါက်နိုင်ခြေရှိသည်ဟု ပျန်းနမ်တစ်ယောက် အစဥ်ခံစားနေရသည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now