"ဒါဆို ခင်ဗျားတို့ အဆင်ပြေတဲ့ဟင်းနှစ်ပွဲ ထပ်ထည့်ပြီး သုံးရာပြည့်အောင် ဖြည့်ပေးလိုက်တော့"

ဖုန်းဆက်ပြီးသွားပြီးနောက် ချိုးယိက သူ့ကို ကြည့်နေကာ အတော်ကြာတော့မှ သက်ပြင်းတစ်ချက် ချလိုက်ပြီး -

"သာမန်ပါဆယ်အစားအသောက်တွေ မင်း စားဖူးလား"

"ဘာလို့ မစားဖူးရမှာလဲ"

ပျန်းနမ်မှာ အလွန်ထိုင်းမှိုင်းနေကာ -

"ကျောင်းနားမှာဆို အမဲသားခေါက်ဆွဲတစ်ပွဲတည်းဆိုလည်း ကျောင်းအုတ်တံတိုင်းဘေးအရောက် လာပို့ပေးတာပဲ။ စူပါမားကက်မှာတောင် အအေး လမ်းကြုံ ဝင်ဝယ်ပေးသေးတယ်"

"ဒါဖြင့် ပုံမှန်ဆို လာပို့ပေးနိုင်တဲ့ အမြန်ပြင်အစားအစာရောင်းတဲ့ဆိုင်ကိုပဲ မင်း ဖုန်းဆက်လိုက်ရင် မပြီးသွားဘူးလား။ စားသောက်ဆိုင်ကြီးကနေ မဖြစ်မနေ မှာမှ ရမှာလား"

ချိုးယိမှာ ပြောစရာစကား မဲ့နေသည်။

"အမြန်ပြင်အစားအစာတွေက စားလို့မကောင်းဘူး။ ငါ ဗိုက်ဆာလာရင် စားလို့ကောင်းတဲ့ဟာ စားချင်တယ်"

ပျန်းနမ်က ပြောသည်။

ချိုးယိကို အိမ်ပြန်ခေါ်လာပြီးနောက် နောက်ထပ် တစ်နာရီနီးပါး စောင့်လိုက်ရပြန်သည်။ ပျန်းနမ်တစ်ယောက် လမ်းသွယ်ထိပ်သို့သွားပြီး စားသောက်ဆိုင်လေးတွင် ထမင်းဘူး လေးငါးဘူးခန့် ဖြစ်သလို သွားဝယ်လိုက်ရန် ဆုံးဖြတ်ချလိုက်ပြီးသည့်အချိန်တွင် စားသောက်ဆိုင်မှ အစားအသောက်ပို့ဆောင်မှုက နောက်ဆုံးတွင် ရောက်ရှိလာတော့သည်။

"ဝေါင်း ..."

ချိုးယန့်က စားပွဲကို လက်နှင့် ထောက်ကိုင်လျက် -

"အများကြီးပဲ။ စားလို့မကုန်ဘူးလေရော် ......"

"ပန်းကန်ပြား သုံးလေးချပ်လောက် သွားယူလာခဲ့"

ပျန်းနမ်က သူ့ခေါင်းလေးကို ပုတ်လိုက်ရင်း ဆက်၍ -

"စားမကုန်နိုင်စရာ ဘာရှိလဲ"

"ပိုက်ဆံတွေ တော်တော်ကုန်သွားမှာပဲ"

ဖေဖေချိုးက စားပွဲပေါ်ရှိ အကြီးအသေးစုံလင်သော အစားအသောက်ဘူးများကို ကြည့်နေရင်း မေးသည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now