"ဒါဆို အမဲသားပေါင်း ချက်နေတဲ့အချိန်မှာ တခြားဟင်းတွေကို အရင်ချက်လိုက်မယ်လေ"
"အင်း"
ချိုးယန့်က ခြံဝင်းထဲသို့ နောက်တစ်ကြိမ်ပြေးထွက်သွားကာ ဆေးကြောပြီးသား ဟင်းသီးဟင်းရွက်များကို ယူဝင်လာခဲ့ပြီး -
"အရွက် အရင်ကြော်လိုက်မလား"
"ဟုတ်ပြီ"
ပျန်းနမ်က အရွက်ကိုလှမ်းယူလိုက်ပြီး စဥ်းတီးတုံးပေါ်တင်ကာ နှစ်ချက်သုံးချက်ခန့် ဖြစ်သလိုလှီးလိုက်သည်။ မိမိမှာ မီးဖိုချောင်ထဲတွင် ယခုကဲ့သို့အလုပ်ရှုပ်နေရပြီး ချိုးယိမှာ ခုတင်ပေါ်လှဲရင်း စာဖတ်နေသည့်အကြောင်းကို စဥ်းစားမိသည်နှင့် သူ့မှာ ပစ္စည်းများကောက်သိမ်းပြီး တစ်ခါတည်းထွက်သွားချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာရသည်။
"တအားကောင်းတာပဲ"
ချိုးယန့်က စဥ်းတီးတုံးပေါ်တွင် လက်ထောက်ထားလျက် ပျန်းနမ်ကိုကြည့်နေကာ မျက်နှာပေါ်တွင်လည်း အပြုံးပန်းများအပြည့် ဖူးပွင့်နေသည်။
"ဘာတွေ တအားကောင်းနေတာတုန်း"
"အကုန်လုံး ကောင်းတယ်"
ချိုးယန့်က အသံကျယ်ကျယ်ဖြင့် ပြန်ဖြေသည်။ ပြီးနောက် အနည်းငယ်အားနာပါးနာဖြစ်စွာ ကိုယ်ကိုလှည့်ပြီး ပြေးထွက်သွားပြန်သည်။
"အိမ်ကို ဧည့်သည်တွေလည်း လာလေ့မရှိဘူး။ သူ့အစ်ကို အိမ်မှာရှိတဲ့အချိန်ကလည်း နည်းတယ်။ ပုံမှန်အချိန်တွေမှာဆို ဦးလေးနဲ့သူ နှစ်ယောက်တည်းပဲ အိမ်မှာရှိတာ"
ချိုးယိအဖေက မီးဖိုချောင်တံခါးပေါက်တွင် ပြုံးရင်း ပြောနေလျက် -
"အခုတော့ ဒီလောက်လူအများကြီး ထမင်းအတူတူစားကြမှာဆိုတော့ ဒီကလေးက ပျော်နေတာ"
"သူ့အစ်ကိုက အဲဒီလောက်တောင် အလုပ်များတာလား"
ပျန်းနမ်လည်း အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးထုတ်လိုက်ရသည်။
"ဟုတ်တယ်။ ကျောင်းတက်ရတယ်၊ အလုပ်လုပ်ရတယ်၊ ဦးလေးရဲ့ ဒီအခြေအနေနဲ့ ... ..."
YOU ARE READING
《Wolf pair》- ဘာသာပြန်
Teen FictionLang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe
Chapter - 12
Start from the beginning