တောင်းပန်သည့် စကားသည် နှစ်သိမ့်ရာမရောက်သော်လည်း ထိုစကားသာ ဆိုနိုင်သည် ။ နာကျင်စေခဲ့မိလို့ တောင်းပန်သော်လည်း ထိုနာကျင်မှုဟာ ပျောက်သွားသည်တော့မဟုတ် ။ အမှားတစ်ခုကြောင့် တောင်းပန်လိုက်သော်လည်း ထိုအမှားဟာ ပျောက်ကွယ်သွားသည်တော့ မဟုတ် ။

>>>>>>>>>>

ပြန်ရောက်ကတည်းက အခန်းထဲက မထွက်တော့ဘဲ တစ်ယောက်တည်း ငိုလိုက် ရီလိုက်ဖြင့် နောက်ဆုံး မောသွားတော့ အိပ်စက်ခြင်းတို့က သိမ်းပိုက်သွားလေသည် ။ နေ့လည်လောက်မှ နိုးလာကာ ဘာမှလုပ်ချင်စိတ် မရှိတာနှင့် အိပ်ယာထဲတွင်သာ ငုတ်တုပ်ထိုင်နေမိသည် ။

" ကျွန်တော်နဲ့ အဝေးမှာနေပေးပါလား "

စွဲထင်နေသည့် အသံလေးဟာ နာကျင်မှုတစ်ခုပင် ။ တစ်ခါကြားမိတိုင်း တစ်ခါနာကျင်ရသည် ။
ချစ်တဲ့အကြောင်းတွေ ဝန်ခံပြီးမှ ငြင်းပယ်ခံရသည့် ခံစားချက် ၊ အနားမှာရှိချင်ပေမဲ့ မောင်းထုတ်ခံရသည့် ခံစားချက်ဟာ တကယ်ကို ဆိုးဝါးလွန်းသည် ။

" ဒေါက်! ဒေါက် "

" မေမေ ဝင်လာမယ်နော် "

" ဟုတ်မေမေ "

" မနက် အပြင်ကပြန်လာကတည်းက အခန်းထဲဝင်သွားလိုက်တာ ။ နေ့လည်စာတောင် ထွက်မစားဘူး ။ နေမကောင်းလို့လား "

" သမီးနေကောင်းပါတယ် "

" ဒါဆို ဘာဖြစ်လို့လဲ "

မေမေ့ရဲ့ အမေးကို ဖြေဖို့ရန် နှုတ်ဆိတ်နေမိသည် ။
ဘေးတွင်ချထားသည့် ဖုန်းထဲသို့ message ဝင်လာသည့်အသံကြောင့် ဘာရယ်မဟုတ် သားအမိနှစ်ယောက်လုံး ဖုန်းဆီသို့ ပြိုင်တူကြည့်မိသည် ။

" လတ်စသတ်တော့ သမီးက အသည်းကွဲနေတာကို "

Operator က messageဆိုသော်လည်း နောက်ခံ wallpaper တိမ်လွှာ့ရဲ့ တစ်စောင်းနောက်ကျောပုံလေးကြောင့် မေမေ အခြေအနေကို သဘောပေါက်သွားဟန်ရသည် ။

" အသည်းကွဲတာ မဟုတ်ပါဘူး "

" ဒါဆို "

" နှင်ထုတ်ခံခဲ့ရတာ "

" ဟော.. မေ့မေ့ရဲ့သမီးချောလေးကို နှင်ထုတ်တဲ့သူကရှိသေးတယ်လား "

A Desire(ဆန္ဒတစ်ခု)Unde poveștirile trăiesc. Descoperă acum