အိမ်သို့ ပြန်ရောက်တော့ ပထမဆုံး လုပ်ရသည်မှာ သန့်ရှင်းရေးဖြစ်သည်။ သုံးရက်လောက်လေး ပစ်ထားလိုက်တာကိုပင် အိမ်၌ ဖုန်တွေပေါလာသည်။ အခန်းထောင့်တွေမှာ၊ ကုတင်ဘောင်တန်းတွေပေါ်မှာ... လက်ညှိုးဖြင့် ပွတ်ဆွဲလိုက်ရုံဖြင့် ကြမ်းရှရှဖြစ်သွားသည်။ ကိုကိုလေးကတော့ အိမ်ပြန်ရောက်ရောက်ချင်း တစ်ရက်သာ နားရပြီး နောက်နေ့တွင် သင်တန်းတစ်ခုကို အကြောင်းကိစ္စပေါ်လာသဖြင့် ပြေးရတော့သည်။ ကျွန်တော်ကတော့ ကျောင်းဖွင့်ရန် သုံးရက်ပင် လိုသေးသဖြင့် အေးအေးဆေးဆေးနှင့် အိမ်တွင်သာ မေမေ့ကို မီးဖိုချောင်ကူရင်း သန့်ရှင်းရေးကူရင်းနှင့် အချိန်ကုန်ဆုံးနေသည်။

နေ့ရက်တို့သည် တူညီစွာဖြင့်ပင် တရွေ့ရွေ့ ကုန်ဆုံးနေ၏။

ကျောင်းမဖွင့်ခင် တစ်ရက်အလို တနင်္လာနေ့ မနက်ခင်းတွင် မမနွယ် ကျွန်တော့်ထံသို့ ရောက်လာသည်။ မမနွယ်က အိမ်သို့ တစ်ခါမှ ယခုလို မလာဖူး။ ကျွန်တော့်ကို တွေ့တော့ မမက မပီသသော အပြုံးလေးတစ်ခုပြုံးပြီး "ဖေဖေ ခေါ်ခိုင်းလိုက်လို့" ဟု ခပ်တိုးတိုး ဆိုသည်။

ဦးလေးအောင် ခေါ်ခိုင်းလိုက်လို့တဲ့။ ကျွန်တော့် အတွေးထဲ အနည်းငယ် ဂယက်ထ,သွားပြီး မမကို ခပ်ဆဆ ခေါင်းညိတ်ပြမိသည်။

မမနွယ်တို့ အိမ်သို့ရောက်တော့ ကျွန်တော် မမကိုပင် ဘာမှမပြောတော့ဘဲ ဦးလေးအောင်၏ အခန်းထဲသို့ တန်း၍ ဝင်လာခဲ့သည်။ အခန်းတံခါးလက်ကိုင်ကို လှည့်၍ ဖွင့်လိုက်သောအခါ မဖြစ်စလောက် ပွင့်ဟသွားသော တံခါးချပ်မှတစ်ဆင့် ဦးလေးအောင် သူ့အလုပ်စားပွဲရှေ့တွင် ထိုင်နေသည်ကို မြင်ရသည်။ ကျွန်တော် "ဦးလေးအောင်" ဟု ခပ်တိုးတိုး အသံပြုပြီးမှ အခန်းထဲသို့ ဝင်လိုက်သည်။ ဦးလေးအောင်က နေရာမှ ထ,ကာ ကျွန်တော့်ကို ဝင်လာခဲ့ဟု ပြောသည်။

"သား အားရဲ့လား"

"ဟုတ်ကဲ့၊ ကျောင်းပိတ်ထားတော့ သားမှာ အလုပ်မရှိပါဘူး ဦးလေးအောင်"

ဦးလေးအောင်က ကျွန်တော့်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ရှိုက်သည်။ ပြောမည့်စကားကို ချိန်ဆနေသလိုမျိုး နှုတ်ခမ်း တပြင်ပြင်နှင့် လုပ်နေပြီး တကယ်တမ်းကျ မပြောဘဲ အချိန်အကြာကြီး ငြိမ်သက်နေလေသည်။

ကြယ်ပြာလေးသို့ တီးတိုးပြောသံजहाँ कहानियाँ रहती हैं। अभी खोजें