part 12

28 5 0
                                    

      မျက်စိရှေ့ကို ရောက်လာသည့်ဖိနပ်တစ်ရံကြောင့် Miu လည်း ယောင်နနဖြင့် မော့ကြည့်မိသည်။ ဆံပင်တိုနှင့်အမျိုးသမီးက သူမရှေ့တွင် တည်ငြိမ်မြဲမြံစွာ ရပ်နေသည်။ လက်ရှိစီးလာမိသည့် ဖိနပ်က တောင်တက်ဖို့အတွက် လုံးဝအဆင်မပြေဘဲ Miu ကို ရှေ့မရောက်အောင် တမင်ဆွဲချထားသလိုဖြစ်နေသည်။ ခရီးမတွင်ရုံသာမက ခြေထောက်လည်း နာနေပြီဖြစ်သည်။

     "ကျေးဇူး။"

     "အင်း။" Airi ၏အသံက ထုံးစံအတိုင်း ခပ်တိုးတိုးပင်။ တစ်ခါတစ်လေများဆို Miu သည် Airi က အခွံလွတ်တစ်ခုနှင့်တူသည်ဟု ခံစားရသည်။ ရှင်သန်ကြီးပြင်းလာခြင်းဟာလည်း Airi အတွက် လုပ်သင့်လုပ်ထိုက်သည့်အရာတစ်ခုမို့ လုပ်လိုက်သည်ထက်အပြင် မပိုပုံရ၏။

    Airi ၏ကြိုတင်ပြင်ဆင်ထားတတ်သည့်အကျင့်အရဆို တောင်ခြေမှာကတည်းက ဒီဖိနပ်တစ်ရံသည် Miu ၏လက်ထဲကို ရောက်နေသင့်တာဖြစ်သည်။ သို့သော် အခုလို လမ်းတစ်ဝက်ရောက်လို့ ခြေထောက်နာမှသာ ဖိနပ်ထုတ်ပေးရသည့် အကြောင်းအရင်းက ဘာဖြစ်မလဲ။ လိုအပ်သည့်အချိန်တွင် Miu အသုံးပြုနိုင်ဖို့ တစ်လမ်းလုံးလည်း သယ်လာပေးခဲ့သေးသည်။

    Miu အနေနှင့် တုံးအလှသည့် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်ဖို့ရန်ရှိတော့သည်။ Airi လိုလူက သူမကို ရှောင်နေပါကြောင်း မရိပ်မိသတိမထားမိရလောက်အောင်အထိ အကင်းမပါးသည့်လူမဟုတ်ပါ။ ဒီရက်ပိုင်း သူမကိုယ်တိုင်၏ ထူးဆန်းလှသော အပြုအမူများကို ပြန်စဉ်းစားကြည့်ပြီးနောက် Miu သည် Airi အပေါ် အားနာစိတ်ကြောင့် ဘာပြောရမလဲမသိဖြစ်သွားရသည်။ Airi က Miu အနေရမခက်စေရန် သူမဘက်မှ သတိထားပြီး စည်းစောင့်နေခြင်းသာဖြစ်သည်။ အချို့အချိန်များတွင် နေရာတကျဖြစ်ဖို့ အတင်းကြိုးစားခြင်းက ပိုဝေးကွာသွားအောင် တွန်းပို့လိုက်သည်နှင့် မခြားဖြစ်တတ်သည်။

   "ဟို..." ဘယ်ကိုလှမ်းဆွဲပြီး ဘယ်လိုစကားစရမလဲ မဝေခွဲနိုင်ခင်မှာပဲ Airi က သူမကို လက်လှမ်းပေးလာသည်။ အနှီမိန်းမပျို၏အသားအရေမှာ ညက်ညောလှပြီး လူကို အနားတိုးကပ်လာ‌စေချင်အောင် လှုံ့ဆော်ပေးနေသည်။ အနည်းငယ်ပွနေသည့် အင်္ကျီလက်ကြောင့် Miu သည် Airi ၏လက်ကောက်ဝတ်မှ အနီရောင်အစင်းကြောင်းအချို့ကို ဖြတ်ခနဲ မြင်တွေ့လိုက်ရ၏။ Miu တစ်ယောက် မေးခွန်းမထုတ်ရသေးခင်မှာပင် တောင်ပေါ်ရှိ အသံဗလံများက ရုတ်ခြည်းတိတ်ဆိတ်သွားပြီး Airi ၏အသက်ရှူသံပင် ဘေးပတ်ဝန်းကျင်၏ လေထုနည်းတူ လေးလံသွားသည်ကို ခံစားမိလိုက်သည်။ အခုလိုအနေအထားနှင့် ခြောက်ခြားစရာသစ်တောက လူအပေါ်တွင် ဖိအားတစ်ခုခု သက်ရောက်နေစေပြီး ရုန်းကန်ချင်စိတ်များပေါက်ကွဲထွက်လာအောင် တွန်းအားပေးလို့နေသည်။

Transmigrator is a little confused now Where stories live. Discover now