part 9

26 6 0
                                    

    George က 10 နှစ်ကျော်အရွယ် ကလေးကြီးကို ပေါ့ပေါ့ပါးပါးချီထားပြီး လမ်းလျှောက်နေပေမယ့်လို့ ကိုယ့်ကိုယ်ကိုယ် အရွယ်ရောက်နေပြီလို့ ခံယူထားသည့် Miu အတွက်ကတော့ အခုလိုအချီခံထားရတာက အဆင်မပြေလှပေ။ လေထဲမှာ ယိမ်းထိုးနေတာကြောင့် အထိန်းအကွပ်အနေနှင့် အဖေအရင်း၏ ပခုံးကိုထောက်ကာ အားပြုလိုက်ဖို့ကိုလည်း မဝံ့ရဲသလို သူမကို အောက်ချပေးပြီး လမ်းလျှောက်ခွင့်ပေးဖို့လည်း မပြောရဲဖြစ်နေသည်။ အခုလို တရင်းတနှီးချီပိုးခံရခြင်းမှာ Miu မကြုံတွေ့ဖူးသောအရာဖြစ်လေရာ ဘယ်လိုတုန့်ပြန်မှ အဖေအရင်းက စိတ်မဆိုးလိမ့်မလဲ သိမနေပါ။ James ကလည်း ကလေးအပေါ် စိတ်ဝင်တစားမရှိသလို Emma သည်လည်း သူမကို အမြင့်တက်လို့ရသည့်လှေကားအပြင် ပိုမမြင်တာမို့ Miu သည် အထီးကျန်လှသည့်အိမ်တော်ထဲတွင် ကျောကိုမတ်ထားကာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်အားပေးရင်း ထိန်းကျောင်းနေထိုင်ခဲ့ရသည်။

     The bloom အိမ်တော်က ခမ်းနားပြီး ကြီးမားကျယ်ဝန်းလှသည့် အချုပ်အနှောင်ကြီးဖြစ်ပြီး George ကတော့ သူမကို အလွယ်တကူ ကယ်ထုတ်သွားခဲ့သည်။ ပန်းအိုးတွေတင်ထားသည့် ကားအပြာလေးကို မြင်လိုက်ရချိန်တွင် Miu သည် တက်ကြွနေမြဲဖြစ်ပြီး လုံးလုံး စိတ်ပျက်အားလျော့မသွားပါ။ ဇိမ်ခံပစ္စည်းတွေနှင့် ရင်းနှီးကြီးပြင်းလာသော်လည်း Miu သည် သံချေးတက်နေသော ကားအပြာလေးကမှ ပိုကြည့်ကောင်းနေသည်ဟုထင်နေပြီး အနောက်မှာတင်ထားသည့် ပန်းအိုးတွေက သူတို့သားအဖ၏ အနာဂတ်လိုမျိုး စိမ်းလန်းဝေဆာနေသည်ဟု ခံစားနေရသည်။ တကယ်တော့ George က ဒီနေရာကို အမြန်မောင်းနှင်လာခဲ့ရတာကြောင့် ပန်းအိုးထဲမှ ပန်းပင်တွေရေမရသည်မှာ နှစ်ရက်ခန့်လောက်ရှိနေပြီဖြစ်သည်။ သို့သော် Miu ၏မျက်လုံးထဲတွင်တော့ သစ်ရွက်၏ ဝါကြင့်ကြင့်အစွန်းလေးတွေကပင် နေစက်နေပြောက်တွေလိုမျိုး လှသည်ဟု မြင်နေဆဲပင်။

     ဟောင်းနွမ်းနေသော ကားအပြာလေးသည် မျှော်လင့်ချက်နှင့် အနာဂတ်ကို ထမ်းပိုးထားရင်း အကျဉ်းထောင်လိုအိမ်တော်ကို ကျောခိုင်းပြီး တရွေ့ရွေ့ထွက်ခွာသွားသည်။ ဘယ်ကိုသွားမလဲ ဘာဆက်လုပ်ကြမလဲမပြောကြဘဲ George က တိတ်တဆိတ်ကားကိုမောင်းနေကာ Miu ကတော့ ကားပြတင်းအပြင်ဘက်က မြင်ကွင်းကို ငေးမောလို့နေသည်။ အစပထမကတော့ ပတ်ဝန်းကျင်ကိုစူးစမ်းချင်နေသေးပေမယ့် ဒီရက်ပိုင်းတွင် စိတ်ပိုင်းဆိုင်ရာ မပြိုလဲသွားစေရန် အမျိုးမျိုးတောင့်ခံခဲ့ရပြီး အိပ်ပျက်ညတွေကလည်းဆက်နေတာကြောင့် Miu သည် ရေဒီယိုမှလွှင့်နေသည့် ငြိမ့်ငြိမ့်ညောင်းညောင်း ခေတ်ဟောင်းသီချင်းသံကို နားဆင်နေရင်း ဟောက်သံပိစိလေးများထွက်ကာ အိပ်ပျော်သွားတော့သည်။ စောင်အောက်မှာ အသက်ရှုကြပ်သည်အထိ ခိုးငိုနေတာမျိုးမဟုတ်ဘဲ သိုးကလေးတစ်ကောင်‌နှစ်ကောင်ရေတွက်စရာလည်းမလိုဘဲ နေရောင်နွေးနွေးနှင့် လှုပ်ယမ်းနေသော ကားပေါ်တွင်ပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့သွားသည်။

Transmigrator is a little confused now Tempat cerita menjadi hidup. Temukan sekarang