part 3

58 10 0
                                    

    Miu က သူမ၏အရှေ့မှ ခရမ်းချဉ်သီးလို နီရဲနေသည့် မီးလုံးကို ကြည့်နေရင်း ဒီနေ့မှာ မူမမှန်တာတွေ အရမ်းများတာပဲဟု တွေးမိရသည်။ ပြိုင်ဆိုင်မှုကင်းပြီး ဖိအားနည်းသည့် ပတ်ဝန်းကျင်ကို လိုချင်တာကြောင့် Miu သည် လူဦးရေအနည်းဆုံး ဌာနကို ရွေးချယ်ခဲ့သည်။ Nicky က ဒီဝတ္ထုကမ္ဘာထဲရှိ စီးပွားရေးကဏ္ဍအကြောင်း ဘာကိုမှ မပြောပြထားလေရာ Miu လည်း The B နှင့်ပတ်သတ်ပြီး သူမ ရှာဖွေလို့ရထားသည့် အချက်အလက်အနည်းငယ်ထက် ပိုပြီး အခြား သိထားတာရှိမနေပါ။

   ဓာတ်လှေကားပေါ်မှ အနုတ်ဂဏန်းပြနေသည့် နံပါတ်များက ထူးဆန်းနေရုံသာမက ဒီဌာနတစ်ခုလုံးတွင် Miu နှင့် နောက်ထပ်လုပ်ဖော်ကိုင်ဖက် စီနီယာတစ်ယောက်သာ ရှိသည်။ ထိုကဲ့သို့သော အခြေအနေများကြောင့် Miu လည်း အလုပ်တက်သည့် ပထမဆုံးရက်တွင် နေရာများမှားလာမိသလားဟု သံသယဝင်မိရပေမယ့် အခန်းနံရံရှိ TB အမှတ်တံဆိပ်က သူမကို အတွေးလွန်နေတာပါဟု နှစ်သိမ့်နေသလို ခံစားရသည်။

    မှန်နံရံ၏တစ်ဖက်ခြမ်းတွင် စည်းကမ်းတင်းကြပ်ပုံရသည့် အမျိုးသားလုပ်ဖော်ကိုင်ဖက်နှင့်အတူ အမျိုးသမီးဇာတ်ဆောင် Airi လည်း ရှိနေပြီး သူမကို စောင့်ကြည့်နေလောက်မည်လား။ ဇာတ်ကြောင်း စတင်ချိန်တွင် Airi သည် လုပ်ငန်းအသေးလေးတစ်ခုကို စတင်နေပြီဖြစ်သည်။ သေချာပေါက် ထွန်းပေါက်မည့်လမ်းကြောင်းပေါ်ကလူမို့ အန်ကယ် George က ဇာတ်လိုက်မနှင့် ပူးပေါင်းရန် စီစဉ်နေခြင်းက မဖြစ်နိုင်တာတော့ မဟုတ်ပါ။ အဲ့လိုမှမဟုတ်လျှင် မူလကိုယ်၏အဖေ ပိုင်ဆိုင်သည့် ကုမ္ပဏီ၌ ဇာတ်လိုက်မ ရှိနေရသည့် အခြားသော အကြောင်းပြချက်တစ်ခုကို Miu လည်း မစဉ်းစားမိပေ။

    နေ့တစ်ဝက်စာလောက် အချိန်ဖြုန်းပြီးနောက်ပိုင်းမှာတော့ Miu သည် စီနီယာဆီမှ ဖိုင်အထပ်လိုက်အစား ဖုန်းတစ်လုံးကို လက်ခံရလိုက်သည်။ သာမာန် စမတ်ဖုန်းတစ်လုံးသာဖြစ်ပြီး ဘာမှ ထူးဆန်းနေတာမျိုး မရှိပေ။ ဖုန်းနောက်က ကာဗာတွင်တော့ အဖြူရောင် ညအိပ်ဝတ်စုံနှင့် ကာတွန်းအရုပ်လေးက ခုံထက်တွင် ‌ခြေချိတ်ကာထိုင်နေသည့် စတစ်ကာလေးတစ်ခုကပ်ထားသည်။ ဘာကြောင့်ရယ်မသိ Miu သည် ထိုကာတွန်းရုပ်လေးက သူမကို ဆူပူချင်နေသည်ဟူသော ခံစားချက်မျိုးရနေ၏။

Transmigrator is a little confused now Where stories live. Discover now