" ကလေးလေးက ရီလိုက်ရင် ချစ်စရာကောင်းရဲ့သားနဲ့...အသက်နဲ့မလိုက်အောင် ခပ်တည်တည်ပုံစံလေး လုပ်နေတော့တာပဲ "လှုပ်ရှားနေတဲ့ အမွေးပွအရုပ်ကြီးထံမှ အဖက်ခံလိုက်ရတာကြောင့် အူယားဖွယ် ရယ်မောနေတဲ့ ကလေးလေးရဲ့ ပါးအိအိထံ လက်ညိုးလေးဖြင့်ထိုးရင်း ဂယူဗင်းပြောလိုက်တော့ ကလေးလေးက မျက်လုံးထောင့်ကပ်ပြီးသာ ကြည့်လာတယ်။
သဘောက သူ့မျက်နှာကို ထိတာမကြိုက်ဘူးဆိုတာမျိုး။
မိသားစုရဲ့ အကြီးဆုံးကလေးဖြစ်တဲ့ ဂယူဗင်းကတော့ အစကတည်းက ဘာကိုမှ ဂရုစိုက်တတ်သူမဟုတ်တဲ့အလျောက် ကလေးလေးရဲ့ပါးနှစ်ဖက်ကို လက်ခုပ်ထည့်ကာ မျက်နှာကိုဆွဲလှည့်ပြီး သူ့ကိုသာ ကြည့်နေစေလိုက်တယ်။
" ကိုကို အရုပ်တွေအများကြီး ဝယ်ပေးမှာမလို့ အဲ့အချိန်ကြရင်လည်း ဒီလိုပဲ ပြုံးနေပေးရမယ်နော် "
" မလိုချင်ပါဘူး! "
လက်ထဲက ရုန်းထွက်ကာ လျှာထုတ်ပြောင်ပြပြီး ထွက်ပြေးသွားတဲ့ ကလေးလေးနောက်သို့ ဂယူဗင်းပြေးလိုက်ဖို့ ခြေလှမ်းလိုက်ချိန် မမြင်ရသောတံတိုင်းတစ်ခုက အရှေ့တည့်တည့်တွင်ကာဆီးထားသလို ရှေ့ဆက်တိုးလို့မရတော့။ ကလေးလေးရဲ့ ကျောပြင်လေးဟာ ဝေးသထက် ဝေးကွာသွားပြီး မြူခိုးတွေသာ ကျန်ရစ်ခဲ့တော့တယ်။ ဂယူဗင်း အသံကုန်ခြစ်ကာ သူ့မှတ်ဉာဏ်ထဲက ကလေးလေးရဲ့နာမည်ကို ခေါ်လိုက်ပေမဲ့ အသံတစ်ခုတစ်လေတောင် ထွက်မလာခဲ့။
အလုံးစုံနိုးကြားလာဖို့ အချိန်ဘယ်လောက်ကြာမြင့်ခဲ့မှန်း မသိတော့ချိန် အဖြူရောင် မျက်နှာကြတ်က ဆီးကြိုနေခဲ့တယ်။
လန်းလန်းဆန်းဆန်းနိုးထလာခဲ့တာ မဟုတ်ပေမဲ့ ကြီးကြီးမားမားနာကျင်မှုတွေတော့ ရှိမနေဘူး။ ဂယူဗင်း ဆေးသွင်းထားတဲ့ အပ်ကို ဆွဲဖြုတ်လို့ ကုတင်ပေါ်ကထတယ်။ တံခါးအဖွင့်မှာ ဝင်လာသူက သူနာပြုမဟုတ်ရင် ဆရာဝန်လို့ထင်လိုက်ပေမဲ့ ကျန်းဟောင့်မျက်နှာကို မြင်လိုက်ရချိန် အရှိန်ယူပြီးသား ခြေလှမ်းတွေ တုံ့ခနဲ ရပ်တန့်သွားရတယ်။
" ဟောင့်ကော...? မနက်ဖြန် ရာထူးလွှဲအပ်ပွဲရှိတယ်မဟုတ်ဘူးလား? ဘာလို့___"
![](https://img.wattpad.com/cover/351222874-288-k164360.jpg)